PDF ၂၀၀ ကျော်ပူးပေါင်းပြီး မြိုင်က စစ်ကောင်စီစခန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက် စစ်စခန်းတစ်ခုသိမ်းနိုင်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိ

Author မင်းထက်
Categories
Published on Aug 06, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာမှာ တစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက် မနက် ၅ နာရီခွဲခန့်က စတင်တိုက်ခိုက်ခဲ့တဲ့ ၅ နာရီကျော်ကြာမြင့်တဲ့ ရေစက်တွင်းစောင့်စစ်စခန်းနဲ့ ကိုင်းတောမရဲစခန်းတို့ကို တိုက်ခိုက်မှုမှာ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

အဲဒီထဲက ရေစက်တွင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးခဲယမ်းတချို့အပြင် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းတချို့လည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

“မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ် နှစ်ကြိမ်ခွဲရင် အကုန်လုံးတိုက်ပွဲ ကြာမြင့်ချိန် ၅ နာရီလောက်ရှိမယ်။ ပထမဆုံး၀င်တာက ရေစက်ပေါ့။ ရေစက်ကနေ နိုင်ပြီးခါမှ ရဲစခန်းဘက်ကိုကူးတာ” လို့ အထက်ပါ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

 

ရေစက်တွင်းစောင့်စခန်းဟာ ကိုင်းတောမနယ်မြေရဲစခန်းနဲ့ မြိုင် စက်မှု-၂ တို့ကို ရေပို့ပေးနေတဲ့ စက်ရေတွင်းအထိုင်စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ချိန်မှာ စစ်ကောင်စီလက်အောက်ခံတပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရေစက် စခန်းက ရိက္ခာပို့ရင် တစ်ထောက်နားတဲ့နေရာဗျ။ အင်အားကလည်း ရဲစခန်းမှာလောက်မများဘူး။ အရင်တုန်းက မြိုင်မြို့ရဲစခန်းပြီးရင် ကိုင်းတောမစခန်းက အတောင့်တင်းဆုံးဗျ။ အားလုံးပေါင်းရင် ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရေစက်တွင်းစောင့်စခန်းကို တော်လှန်ရေးတပ်များ ရရှိပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်သားတွေဟာ စခန်းစွန့်ခွာပြီး ကိုင်းတောမရဲစခန်းအတွင်းသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ကိုင်းတောမရဲစခန်းကို တော်လှန်ရေးတပ်များက ဆက်လက်ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

 

“မနက် ၁၀ နာရီခန့် တပ်ပြန်ဆုတ်တဲ့အချိန် တပ်ဆုတ်တဲ့လမ်းကို လေကြောင်းနဲ့ လိုက်ပစ်တာ တပ်ဖွဲ့၀င်တွေတစ်ယောက်မှမထိဘူး” လို့ တိုက်ပွဲတွင်းပါ၀င်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

 

အဲဒီတိုက်ပွဲတွေကို ပူးပေါင်းရဲဘော် အင်အား ၂၀၀ ကျော်ကနေ လက်နက်မျိုးစုံ ၂၀၀ ကျော်ဖြင့် ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

 

အလားတူ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက် ၁၇ နှစ်အရွယ် ရဲဘော် ‌မြွေဟောက်နဲ့ အညာမြေတပ်ပေါင်းစုမှ အသက်(၂၃)အရွယ် ရဲဘော် G Shock တို့ ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားပါတယ်။ ကျဆုံးရဲဘော်နှစ်ဦးရဲ့ အလောင်းတွေကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ​ဆိုပါတယ်။

 

အဆိုပါစခန်းသိမ်းတိုက်ပွဲကို အညာမြေတပ်ပေါင်းစုတပ်ဖွဲ့၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)(အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု(Young Force.PPDF.Thu Rain.HunterPakokku.Earthquake)နဲ့အတူ မြိုင်မြို့နယ်က တော်လှန်ရေးအဖွဲ့တွေက ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

 

မြိုင်မြို့နယ်အတွင်း ယမန်နေ့ ဩဂုတ် ၅ ရက်နဲ့ ယနေ့ ဇူလိုင်လ ၆ ရက်နေ့တို့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က Mi 35 ရဟတ်ယာဉ်တွေနဲ့သာမက ဂျက်ဖိုက်တာတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်မှာလည်း အာဏာသိမ်းစစ်တပ်က Mi 35 ရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကိုင်းတောရှည်ကျေးရွာက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တဲ့အပြင် နွားတစ်ကောင်သေဆုံးပြီး တိုက်အိမ်လေးလုံး ပျက်စီးသွားတယ်လို့ မြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

Related News

Depend on news