မတ္တရာနဲ့ စဉ့်ကူးမှာ စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်များ အဆက်မပြတ်ပြုလုပ်၊ အရပ်သားသေဆုံးမှုများရှိ

Published on Aug 06, 2024

သိမ်းပိုက်ခံထားရတဲ့ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နဲ့ မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းတို့နဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

အဲဒီဒေသတွေရဲ့ ကောင်းကင်ယံတွေမှာ စစ်ကောင်စီရဲ့ ကင်းထောက်၊ ရိက္ခာပို့နဲ့ တိုက်ခိုက်ရေး လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ နေ့စဉ်ဆိုသလို ပျံဝဲနေပြီး မကြာခဏ ဗုံးကြဲချမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ယမန်နေ့ ဩဂုတ်လ ၅ ရက် ညနေ ၆ နာရီခန့်က မတ္တရာမြို့ အနောက်ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

 

“ခဏခဏ ပစ်နေတာ။ တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်တာ” လို့ ပြင်ဦးလွင် ခရိုင် ပကဖရဲ့ သတင်းတာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

ယမန်နေ့လက်နက်ကြီးပစ်ခတ်မှုအတွင်း စိန်ပန်းကုန်းကျေးရွာက နေအိမ်ပေါ် လက်နက်ကြီး နှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်အောက်ထပ်မှာ တီဗွီကြည့်နေတဲ့ ဒေါ်ငွေနွယ်ဦး(၄၈)နှစ် ချိုင်းအောက်ထိမှန်ဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သူမရဲ့ သား ကိုနေလင်းထွန်း(၂၆)နှစ်နဲ့ တူ ကိုရန်နိုင်ထွန်း(၂၆)နှစ်တို့ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရာရခဲ့တယ်လို့ သိရပါတယ်။

 

“ပထမ မငွေနွယ်ဦးကို မှန်တော့ သူ့တူက သွားပွေ့တော့ ထပ်မှန်တာ။ ကိုနေလင်းထွန်းက လက်မောင်းအကွေးအဆန့်နေရာမှာဆိုတော့ လက်ကျိုးသွားတယ်။ စတီးရိုးထည့်ရမယ်” လို့ အထက်ပါ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

 

အလားတူ အဲဒီနေ့ ညနေ ၅ နာရီခွဲခန့်မှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ပုဂ္ဂလိကဆေးရုံနဲ့ ဈေးဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျောက်မြောင်းတပ်တွင်းမှ ၁၂ဝ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ လက်နက်ကြီး လေးလုံး အဲဒီရပ်ကွက်ထဲ ထပ်မံကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူထိခိုက်မှုနဲ့ ပျက်စီးမှုတစ်စုံတစ်ရာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

 

အဲဒီနောက် ဩဂုတ်လ ၆ ရက်နေ့ ညသန်းခေါင်ယံ ၂ နာရီ ၄၀ မိနစ်ခန့်မှာ တံတားဦးဘက်ကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာလေယာဉ်ဟာ လက်ပန်လှရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ငြိမ်းချမ်းအောင်ရပ်ကွက် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် နေအိမ်မှာ အိပ်ပျော်နေတဲ့ ဒေါ်အေး (၅၀)နှစ်ခန့်ရဲ့ ခေါင်းကို ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ လက်ပန်လှကျေးရွာမှာ စစ်ရှောင်နေတဲ့ စဉ့်ကူးမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အိပ်နေတဲ့အချိန်ကြီး လာပစ်တာ။ ဝဲကိုမဝဲဘဲ တန်းပစ်ချတာ။ ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး။ သတိရတိုင်းကို လေကြောင်းကနေ လာလာပစ်နေတာ။ မြေပြင်မှာက မဖြစ်ဘူးလေ။ ညနေကတည်းက ပစ်နေတာ ညပစ်တဲ့အချိန်ကတော့ လူပါသေတာ။ သွားကြည့်တာ နောက်စေ့ပွင့်သွားတယ်။ အဲဒီနားက နွားတစ်ကောင်လည်း သေတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ မတ္တရာနဲ့ စဉ့်ကူးနယ်တစ်ဝိုက်ကို မကြာခနဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် စဉ့်ကူးနယ်ခံအများစုက ဗုံးခိုကျင်းတွေတူးထားကြပေမဲ့ မတူးနိုင်သူတွေကတော့ လေယာဉ်သံကြားတာနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဩဂုတ် ၅ ရက်နဲ့ ၆ ရက်တို့မှာ စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးရသူတွေကို ဒေသခံတွေက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မတ္တရာမြို့နယ် သပြေကုန်းကျေးရွာက ခဝဲသီးခူးနေတဲ့ ဒေါ်သန်းဝင်းကို ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇူလိုင် ၂၄ ရက်မှာလည်း ဒေါ်ရီ(၇၀)နှစ်နဲ့ သမီးဖြစ်သူ ဒေါ်လဲ့ရီဝင်း (၄၅)နှစ်တို့ လေကြောင်းဗုံးကြဲမှုကြောင့် ထပ်မံသေဆုံးခဲ့သလို အခင်းဖြစ်ရာနေရာကို လာကြည့်တဲ့ရွာခံတွေထဲက ကိုအောင်ကျော်ထွန်းပါ ထိမှန်သေဆုံးခဲ့ပါတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးရဲ့အစိတ်အပိုင်းအဖြစ် ရှမ်းမန်းစစ်ဆင်ရေးအမည်နဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို တိုက်ခိုက်နေတာပါ။

 

အဲဒီမှာ လတ်တလော မတ္တရာမြို့က စစ်ကောင်စီစခန်းပေါင်း ၃၅ ခုကို သိမ်းပိုက်ထားနိုင်သလို ဇူလိုင်လ ၁၇ ရက်နေ့ကတည်းက စဉ့်ကူးတစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဒီကနေ့ဆိုပါက ၂၁ ရက်မြောက်နေ့ဖြစ်ပါတယ်။

 

အဲဒီက နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်ကိုတော့ မန်း PDF အနေနဲ့ စိစစ်ကောက်ယူနေဆဲဖြစ်တယ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က CJ Platform ကို ပြောပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်