ကျောက်မဲက နောက်ဆုံးကျန် ခမရ ၅၀၁၊ ၅၀၂ တို့ကို တိုက်ခိုက်နေဆဲလို့ TNLA ပြောခွင့်ရဆို

Author လဂွန်းအိမ်
Categories
Published on Aug 06, 2024

ရှမ်းမြောက် ကျောက်မဲမြို့မှာ နောက်ဆုံးကျန်တဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းတို့ကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ PSLF/TNLA ပြောခွင့်ရသူက CJ Platform သို့ ပြောပါတယ်။

ယမန်နေ့ ဩဂုတ် ညပိုင်းကတည်းက ကျောက်မဲမြို့ကို သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာပြီးနောက် သတင်းဌာနတချို့က စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျောက်မဲမြို့သိမ်းပြီလို့ ဒီကနေ့မနက်ပိုင်းမှာ ရေးသားဖော်ပြလာခဲ့ကြပါတယ်။

 

ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ကျောက်မဲမြို့ သိမ်းမသိမ်းနဲ့ပတ်သက်ပြီး PSLF/TNLA ပြောခွင့်ရသူ လွေးယေဦးထံ CJ Platform က ဆက်သွယ်မေးမြန်းခဲ့ရာ “သတင်းမတက်လာသေးဘူး” လို့ မွန်းလွဲပိုင်းမှာ ပြန်လည်ဖြေကြားပါတယ်။

 

ဒီကနေ့ ကျောက်မဲမြို့က တိုက်ပွဲတွေအကြောင်း ဆက်လက်မေးမြန်းရာမှာတော့ နောက်ဆုံးကျန်တဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ တို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သူမက ဆိုပါတယ်။

 

စစ်ကောင်စီဘက်ကလည်း ကျောက်မဲမြို့လက်မလွှတ်ရရေး အသဲအသန်ကာကွယ်နေပြီး ယမန်နေ့ ဩဂုတ်လ ၅ ရက် တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ Y 12 လေယာဉ်တို့ဖြင့် အကြိမ် ၁၀၀ ခန့် ခမရ ၅၀၁၊ ၅၀၂ စခန်းကုန်းအနီးကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကျောက်မဲမြို့ကို တအာင်းတပ်TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ ခုခန့်ကို သိမ်းပိုက်ထားပြီး မြို့တွင်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျောက်မဲတစ်မြို့နယ်လုံး သိမ်းနိုင်ဖို့ လက်ကျန် ခမရ ၅၀၁၊ ၅၀၂ တပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။

 

လတ်တလော ကျောက်မဲမြို့တွင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများပြတ်တောက်နေပြီး CDMA ဖုန်းလိုင်းတစ်ခုပဲရရှိတယ်လို့ ကျောက်မဲမြို့ခံများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – TNLA/PSLF