ရမခ ကျပြီးနောက် စစ်ခေါင်းဆောင်ကိုယ်တိုင် ထွက်ငိုပြ

Author လဂွန်းအိမ်
Categories
Published on Aug 06, 2024

အစဉ်အလာကြီးတယ်လို့ စစ်ကောင်စီခေါင်းဆောင်တွေ ခံယူထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး)လက်လွှတ်လိုက်ရပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ယမန်နေ့ညက မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။

 

အာဏာသိမ်း သုံးနှစ်ခွဲကျော်လာပြီးနောက် လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ကြားဖြတ်နိုင်ငံတော်အခြေပြမိန့်ခွန်းအဖြစ် ၎င်းက နိုင်ငံ့လုံခြုံရေးအကြောင်းပြ ပထမဆုံးထွက်ပြောခဲ့တာပါ။

 

ဒါဟာ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းအဖြစ် လေးကြိမ်မြောက်ပြောကြားမှုဖြစ်ပါတယ်။

 

အရင်အကြိမ်တွေအတွင်း အာဏာသိမ်းပြီး ပထမဆုံးအရေးပေါ်ကာလ ခြောက်လပြည့်တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်၊ တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ သုံးကြိမ်မြောက် အရေးပေါ်ကာလ ခြောက်လပြည့်တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တို့မှာ လူရှေ့ထွက်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုလို ကြားဖြတ်မိန့်ခွန်းမျိုးမဟုတ်ဘဲ သူတို့အာဏာသိမ်းအရေးပေါ်ကာလသက်တမ်းပြည့်တဲ့နေ့တွေမှာသာ ထွက်ပြောခြင်းသာဖြစ်ပါတယ်။ အခုမိန့်ခွန်းကတော့ ၂ နှစ်ကျော်အကြာမှာ နိုင်ငံတော် အခြေပြမိန့်ခွန်းအဖြစ် စစ်ခေါင်းဆောင်က ပထမဆုံးပြန်လည်ပြောကြားခြင်းဖြစ်ပါတယ်။

 

ရမခဟာ ပြည်ပကူမင်တန်ကျူးကျော်စစ်နဲ့ ဗကပကျူးကျော်စစ်တွေကို ရိုက်ချိုးခဲ့တဲ့အပြင် စစ်ဘုရင်နဲ့ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းဌာနချုပ် ၁၄ ခုအနက် အစဉ်အလာအလွန်ကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်တယ်လို့ စစ်ကောင်စီပြောဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက်နေ့က ဒေါသတကြီးထွက်ပြောခဲ့ပြီးနောက် ပထမဆုံးသိမ်းပိုက်ခံရတဲ့ စစ်ဌာနချုပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကလည်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ပြောတဲ့အတိုင်း ရမခနဲ့ပတ်သက်ပြီး ယမန်နေ့က မိန့်ခွန်းအတွင်း တစ်ထပ်တည်း ပြောကြားခဲ့တာတွေ့ရပါတယ်။

 

ယမန်နေ့ ထုတ်ပြန်ချက်ထဲ ရှမ်းမြောက်က ရမခရှိရာ လားရှိုးမြို့နဲ့ ရှမ်းမြောက်က နယ်မြေတွေ လက်လွှတ်ခဲ့ရခြင်းအပေါ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် အဓိကထား ဇောင်းပေးပြောကြားသွားခဲ့ပါတယ်။

 

ဒါ့အပြင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက နယ်မြေတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးအရ နောက်ဆုတ်ပေးခဲ့ရတာမျိုးရှိတယ်လို့ အာဏာသိမ်းတပ်ခေါင်းဆောင်က ဝန်ခံပြောကြားသွားပါတယ်။

 

ဒါ့အပြင် ရှမ်းမြောက်အပါအဝင် ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ရယူပြီး တိုင်းပြည်အေးချမ်းအောင် လုပ်ဆောင်မယ်လို့ ၎င်းက ကြုံးဝါးပြောဆိုသွားပါတယ်။

 

နောက်ဆုံးမှာတော့ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရမဖြေရှင်းဘဲ တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းနေတာတွေကို လုံးဝလက်မခံဘဲ ၎င်းတို့ကို ဘုံရန်သူအဖြစ်သတ်မှတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားပါတယ်။

 

ဓာတ်ပုံ – Pro-SAC