မင်းကင်း၊ ချင်းတွင်းမြစ်တစ်လျောက် စစ်သင်္ဘော ၁၇ စင်း ခန္တီးဘက် ဆန်တက်နေ၊ ကျေးရွာ ၃၀ ကျော်က ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာရှောင်တိမ်း

Author မင်းထက်
Categories
Published on Aug 05, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်အတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁၇ စင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်ပြီး ကျေးရွာတွေကို ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီက ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီသင်္ဘောတွေက‌နေ လမ်းတစ်လျှောက်ရှိ ကျေးရွာတချို့ကို ဒရုန်းချခြင်းနဲ့ ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်နေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်မှာလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

 

“မြစ်ကမ်းဘေးက ရွာတွေတော့ တိမ်းရှောင်ရပါတယ်ဗျ။ မင်းကင်းမြို့နယ်ထဲကို (ဩဂုတ်)၃ ရက် နေ့လောက်တည်းက ရောက်တာပါ။ ဆန်ခဲ့ရာမှာ ပင်းတင်းကျေးရွာကိုတော့ ဒရုန်းနဲ့ ဗုံးသီး လေးလုံးချသွားတယ်။ ကင်းရွာကိုလည်းပစ်သွားတယ်တဲ့ဗျ။ လောလောဆယ်တော့ ဒါပဲသိရသေးပါတယ်” လို့ ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

 

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ဒေသထိခိုက်သေဆုံးမှုရှိမရှိဆိုတာနဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

 

မင်ကင်းမြို့နယ်အတွင်း ရောက်ရှိချိန်မှာ ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာ​ ၃၀ ခန့်က ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

“စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေ ၅၀၀၀ ကျော်လောက်ရှိမယ်။ ဒီအထဲမှာ နာမကျန်းသူတွေ ကလေးသူငယ်တွေ ကိုယ်၀န်ဆောင်အမျိုးသမီးတွေပါတော့ ဆေး၀ါးအကူအညီနဲ့ စစ်ရှောင်တွေအတွက် အမိုးအကာကအစ လိုအပ်တာမျိုးရှိပါတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

 

အဲဒီစစ်သင်္ဘော ၁၇ စင်းဟာ လက်ရှိ ငအုံးရွာအနီးထိရောက်လာပြီလို့ ၎င်းက ဆက်ပြောပါတယ်။

 

အဲဒီစစ်ရေယာဉ်တွေ ဘာကြောင့် ချင်းတွင်းမြစ်ကြောင်းတလျှောက် ဆန်တက်နေတာလဲဆိုတာကိုတော့ CJ Platform အနေနဲ့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

မင်းကင်းနယ်ထဲက တော်လှန်ရေးသတင်းရင်းမြစ်တွေကတော့ စစ်တိုက်ဖို့ထက် အဲဒီစစ်ရေယာဉ်တွေဟာ ခန္တီးမြို့က တံတားတစ်စင်းကို ပြုပြင်ဖို့ သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ခန္တီးမြို့နယ်အတွင်းက ချင်းတွင်းမြစ်ကမ်းနံဘေးနေထိုင်သူတွေလည်း ဘေးလွတ်ရာ စတင် တိမ်းရှောင်နေကြပြီလို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ခန္တီးမြို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နှစ် ၃၀ အတွင်း အဆိုးရွား ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားထားရပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ များစွာလိုအပ်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကလည်း အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ အဲဒီစစ်ကောင်စီသင်္ဘော ၁၇ စီးကို ချင်းတွင်းမြစ်ဘေးတစ်နေရာမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကနီမြို့ကို ကမ်းကပ်ထားချိန်မှာလည်း ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်