လားရှိုးရမခကို သိမ်းလိုက်ပြီလို့ MNDAA တရားဝင်ကြေညာ၊ စစ်ကောင်စီရဲ့စစ်ဌာနချုပ် ၁၄ ခုထဲက ပထမဆုံးသိမ်းခံရတဲ့ ဌာနချုပ်အဖြစ် သမိုင်းရေးထိုး

Author လဂွန်းအိမ်
Categories
Published on Aug 03, 2024

ရှမ်းမြောက်၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က တရားဝင် ထုတ်ပြန်ပါတယ်။

 

ဒါကြောင့် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုထဲ ပထမဆုံးသိမ်းပိုက်ခံရတဲ့ စစ်ဌာနချုပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်လိုက်ပြီလို့ MNDAA က ဇူလိုင်လ ၂၅ ရက်မှာ ကြေညာခဲ့ပြီး နောက်ရက်ပိုင်းတွေမှာ ရမခကျပြီလို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာတော့ ပိုမိုကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။

 

အဲဒီနောက် ညနေပိုင်းမှာပဲ ကိုးကန့်တပ်က ၎င်းတို့ ရမခကို အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာလာတာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဇူလိုင် ၂၆ ရက်နေ့က ဒေါသတကြီးနဲ့ လာရှိုးမြို့သိမ်းခံရမှုကို မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ရမခဟာ စစ်တိုင်းဌာနချုပ် ၁၄ ခုအနက် အစဉ်အလာအလွန်ကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်တယ်လို့ ၎င်းက ပြောထားပါတယ်။

 

ပြည်ပကူမင်တန်ကျူးကျော်စစ်နဲ့ ဗကပကျူးကျော်စစ်တွေကို ရိုက်ချိုးခဲ့တဲ့အပြင် စစ်ဘုရင်နဲ့ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီးဖြစ်တယ်လို့လည်း ဆိုခဲ့ပြန်ပါတယ်။

 

ရမခဟာ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာမလို့ ပြီးခဲ့တဲ့ ၂၇ ရက်က ၅၂ နှစ်ပြည့်ခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်ရိပ်တွေကြောင့် ခမ်းခမ်းနားနားကျင်းပဖို့စီစဉ်ထားတဲ့နှစ်ပတ်လည်အခမ်းအနား မကျင်းပနိုင်ခဲ့ပါဘူး။

 

ရမခရဲ့အလံကို အစွဲပြုပြီး စစ်တပ်အသိုင်းအဝိုင်းက နေဝန်းနီလို့ သမုတ်ကြပေမဲ့ ပြည်သူလူထုကတော့ ကြက်ဥကြော်လို့သာ သရော်ကြပါတယ်။

 

ဓာတ်ပုံ – MNDAA