ကျောက်ထုက ကုန်မျိုးစုံအေးဂျင့်ဆိုင်ကို စစ်ကောင်စီတပ် ဝင်စီး၊ လူတွေကိုဖမ်းပြီး ရှိသမျှ ကုန်များ ကားနဲ့တိုက်သယ်

Author ဆလိုင်း
Categories
Published on Aug 02, 2024

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ရှိ ကုန်မျိုးစုံအေးဂျင့်ဆိုင်ကို စစ်ကောင်စီရဲ့ အမတ ၃၆၈ တပ်က ယမန်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်နဲ့ ဝန်ထမ်း အမျိုးသမီးတို့ကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့လိုက်သူများက CJ Platform သို့ ပြောကြားပါတယ်။

 

ယမန်နေ့ ဩဂုတ်လ ၁ ရက်၊ မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဝင်စီးခဲ့ရာမှာ ဆိုင်ရှင်အမျိုးသား ထွက်ပြေးလွတ်မြောက်သွားပေမဲ့ သူ့ဇနီးနဲ့ ဝန်ထမ်းအမျိုးသမီးတို့ အဖမ်းခံခဲ့ရတယ်လို့ ဆိုကြပါတယ်။

 

“လာဖမ်းတုန်းက စစ်တပ်နဲ့ ရဲတွေက လာဖမ်းသွားတာပါ။ သူရဲ့အမျိုးသမီးနဲ့ အရောင်းဝန်ထမ်းကိုတော့ အမတ ၃၆၈ ကို ဖမ်းခေါ်သွားတယ်” လို့ မျက်မြင်အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကုန်စုံဆိုင်က ကုန်ပစ္စည်းမျိုးစုံကိုလည်း ဖောကားတစ်စီးဖြင့် သုံးခေါက်တိတိ အမတ ၃၆၈ တပ်ရင်းထဲ သယ်ဆောင်သွားတယ်လို့ အဲဒီအမျိုးသားက CJ Platform သို့ ပြောပါတယ်။

 

ကုန်စုံဆိုင် ဝင်စီးခံရခြင်းအကြောင်းအရင်းနဲ့ ပတ်သက်လို့တော့ CJ Platform အနေနဲ့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

အဲဒီအကြောင်းအရင်းကို ဒေသခံတွေဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိက္ခာပြတ်နေတာကြောင့်လို့ ပြောသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ တော်လှန်ရေးရဲဘော်တွေ ရိက္ခာအဖြစ် ဝယ်ယူလေ့ရှိတာကြောင့်လို့ ဆိုကြပါတယ်။

 

ဒါပေမဲ့ ယမန်နေ့က ဝင်စီးခံရတဲ့ ကုန်စုံဆိုင်ကနေ ကျောက်ထုမြို့တွင်းက အိမ်ဆိုင်တွေအပြင် မင်းတပ်မြို့နယ်က အိမ်ဆိုင်တွေကလည်း ပြန်လည်ရောင်းချဖို့ လာရောက်ဝယ်ယူတဲ့ ကုန်စုံဆိုင်ကြီးဖြစ်တယ်လို့ သိရပါတယ်။

 

ကျောက်ထု အမတ ၃၆၈ တပ်ရင်းကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတပ်အင်အား ၅၀၀ ကျော်ဖြင့် ခံစစ်အခိုင်အမာပြင်ထားတဲ့ တပ်ရင်းတစ်ခုလို့ သိရပါတယ်။

 

ရံဖန်ရံခါ အဲဒီတပ်ရင်းထဲကနေ အနီးကျေးရွာတွေထဲကို လက်နက်ကြီးကျည်တွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမူကွန်ရက်

 

ပုံစာ – ကျောက်ထုမြို့အဝင်