ဗိုလ်ချုပ်မှူးကြီး၊ ယာယီသမ္မတတို့အနေနဲ့ ကာ/လုံ အစည်းအဝေး မင်းအောင်လှိုင် ဦးဆောင်ကျင်းပ၊ ခြောက်ကြိမ်မြောက် ခြောက်လ အာဏာဆွဲဆန့်

Author ကိုထားဝယ်
Categories
Published on Jul 31, 2024

အာဏာဆက်တည်မြဲရေး ဥပဒေမဲ့ ယာယီသမ္မတရာထူးယူခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က နောက်ခြောက်လ အာဏာဆွဲဆန့်လိုက်ပါတယ်။

 

ငါးကြိမ်မြောက် ခြောက်လသက်တမ်း ဒီကနေ့မှာ ပြည့်မှာကြောင့် ခြောက်ကြိမ်မြောက် အရေးပေါ်သက်တမ်းကာလကို ဒီကနေ့မနက်ပိုင်းမှာပဲ ထပ်တိုးတယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာပါ။

 

ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ်အပြင် ယာယီသမ္မတအနေနဲ့ပါ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးရဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

 

အရင် ကာ/လုံအစည်းအဝေးတွေထဲ ဦးမြင့်ဆွေရဲ့ ညာဘက်ထောင့်မှာ ထိုင်ပြီး သူလုပ်စေချင်တာကို အဆိုတင်သွင်းခဲ့ပေမဲ့ အခုတော့ ထိပ်ဆုံးမှာ ထိုင်ပြီး သူလုပ်ချင်တာကို အဆိုပြန်တင်သွင်းခဲ့ပြန်ပါတယ်။

 

ဒီမနက်အစည်းအဝေးထဲ ပြည်တွင်းက အခြေအနေတွေဆိုပြီး သူ့ဩဇာခံတွေကို ပြောခဲ့သလို   အရေးပေါ် ကာလကို သက်တမ်းတိုးပေးဖို့လိုအပ်တဲ့ အဓိကအချက်နှစ်ချက်ဆိုပြီးတော့လည်း သူက ထည့်သွင်းပြောကြားပါတယ်။

 

သူပြောတဲ့ ပထမအချက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြို့သိမ်းနယ်မြေသိမ်းတာကို ဇောင်းပေးမပြောဘဲ NUG၊ PDF တို့ကို ရှင်းလင်းနိုင်ရေးကိုပဲ ဦးတည်ပြောခဲ့တာ တွေ့ရပါတယ်။

 

နောက်တစ်ချက်ကတော့ သူသမ္မတလုပ်နိုင်ရေး ရည်ရွယ်ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အဓိက ပြောဆိုသွားတာတွေ့ရပါတယ်။

 

အဲဒီအချက်တွေအပါအဝင် စစ်ခေါင်းဆောင်ရဲ့ တင်ပြမှုများကို တက်ရောက်လာသူတွေက ဝိုင်းဝန်းဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းတဲ့နေ့မှာပဲ ရွေးကောက်ခံနိုင်ငံတော်သမ္မတ ဦးမြင့်ဆွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးပြီးနောက် အကျဉ်းချ ထားပါတယ်။

 

အဲဒီနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေကို စစ်ကောင်စီက ခန့်အပ်ခဲ့ပြီးနောက် ဇူလိုင် ဒုတိယပတ်ထဲ ဆေးကုသမှုခံယူဖို့ဆိုပြီး ဦးမြင့်ဆွေကို စစ်ကောင်စီက အနားပေးခဲ့ပါတယ်။ ဒုသမ္မတတစ်ဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူကိုလည်း ဧပြီလထဲမှာ အနားပေးထားပါတယ်။

 

ဒါကြောင့် စစ်ခေါင်းဆောင်ဟာ ဇူလိုင် ၂၂ ရက် ညပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတရာထူး သူ့ဘာသူ ရယူခဲ့ပါတယ်။

 

အဲဒီနောက် ငါးကြိမ်မြောက် ခြောက်လသက်တမ်းပြည့်တဲ့ ဒီကနေ့မှာပဲ မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီး၊ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ရာထူးတွေအနေနဲ့ ကာ/လုံအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

Related News

Depend on news