ဟားခါးထောင်မှ လွတ်မြောက်လာသူ အကျဥ်းသား ၆၂ ဦးအနက် CDF ရဲဘော်တွေအပါအဝင် ထောင်တစ်သက်ချမှတ်ခံရသူ ၇ ဦး ပါဝင်

Author ဆလိုင်း
Categories
Published on Jul 31, 2024

ချင်းပြည်၊ ဟားခါးမြို့၊ မြို့မရဲစခန်းအချုပ်ထောင်မှ လွတ်မြောက်လာတဲ့ အကျဥ်းသူ/သား ၆၂ ဦးအနက် CDF ဟားခါး ရဲဘော်တွေအပါအဝင် ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူ ခုနစ်ဦးပါဝင်တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)က ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

 

ဇူလိုင်လ ၂၀ ရက်နေ့က ချင်းကာကွယ်ရေးတပ်(ဟားခါး)ရဲ့ Operation Rung စစ်ဆင်ရေးအဖြစ် ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုထဲ အကျဥ်းချခံထားရတဲ့ အကျဉ်းသူ/သား ၆၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဲဒီထဲ စစ်ကောင်စီ စစ်ခုံရုံးကနေ မတရားထောင်ဒဏ်ချခံသူ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ပါဝင်ပြီး CDF ဟားခါးများနဲ့ တော်လှန်ရေးလုပ်လို့ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူ ခုနစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တဲ့သူတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဥ်းသားတွေသာဖြစ်တယ်လို့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူရဲ့ မိသားစုဝင်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော့်အစ်ကို ဖမ်းပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်လောက်မှာ စစ်ကောင်စီ စစ်ခုံရုံးက အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရတာပါ။ သူ့ကို တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံ၊ ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းသွားပြီး တစ်နှစ်အကြာမှာ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာပါ။ ပြီးတော့ အဲဒီ ဟားခါးအချုပ်ထောင်မှာ အကျဥ်းကျခံရတဲ့သူတွေဟာ တော်လှန်ရေးနဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်ပြီး မတရားအဖမ်းခံရတဲ့နိုင်ငံရေးအကျဥ်းသားတွေ ပိုများပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

CDF(ဟားခါး)က ကယ်ထုတ်ထားတဲ့ အကျဥ်းသူ/သားတွေကို ၎င်းတို့ရဲ့ လွတ်မြောက်နယ်မြေမှာ ကာကွယ်စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၄ ရက်နေ့ကလည်း မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားတဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ CDF(Matupi)တပ်မဟာ ၁ က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ -ဟားခါးရဲစခန်းကို တွေ့ရစဥ်