ရွှေနဲ့ ကန်ဒေါ်လာဈေး သုံးရက်ဆက်တိုက် မြင့်တက်၊ ရန်ကုန်ရွှေအသင်းဈေးနဲ့ ပြင်ပဈေးကြား ကျပ် ၁၉ သိန်းကျော် ကွာဟနေ

Published on Jul 31, 2024

ပြီးခဲ့တဲ့အပတ်အတွင်း ငြိမ်သက်နေတဲ့ ပြည်တွင်းရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းတွေကတော့ ဒီတစ်ပတ် ဇူလိုင် ၂၉၊ ၃၀၊ ၃၁ ရက် မွန်းတည့်ပိုင်းအထိ သုံးရက်ဆက်တိုက် ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ အဲဒီဈေးကွက်တွေထဲကနေ သိရပါတယ်။

 

ပြင်ပရွှေဈေးကွက်ထဲ တနင်္လာနေ့ ဇူလိုင် ၂၈ ရက်က အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၆၀ ကျော်သာရှိခဲ့ရာမှ ဇူလိုင် ၂၉ မှာ တစ်ကျပ်သားကို ၆၃ သိန်းအထိ ခုန်တက်သွားတယ်လို့ သိရပါတယ်။

 

အဲဒီနောက် ယမန်နေ့ကတော့ ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၆၅ သိန်းနဲ့ ဒီနေ့မွန်းတည့်ပိုင်းမှာတော့ ကျပ် ၆၅ သိန်း ငါးသောင်းကျပ်ကို ဆက်လက်မြင့်တက်လာတယ်လို့ ပြင်ပရွှေဈေးကွက်အတွင်းမှ သိရပါတယ်။

 

ဒါကြောင့် သုံးရက်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ငါးသိန်းခွဲခန့်အထိ မြင့်တက်သွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းအတွင်း သူတို့သတ်မှတ်ဈေးနဲ့မရောင်းပါက အဆိုးမဆိုနဲ့လို့ ကြိမ်းဝါးထားတဲ့ စစ်ကောင်စီလက်ဝေခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ဈေးတွေကတော့ ဇူလိုင် ၂၈ ရက်က မီးလင်းရွှေတစ်ကျပ်သား ၄၆ သိန်းနီးပါးကနေ ဒီကနေ့မှာတော့ ၄၆ သိန်း လေးသောင်းခွဲကျော်သာ သတ်မှတ်ထားပါတယ်။

 

ဒါကြောင့် ဒီကနေ့ ရွှေဈေးကွက်ထဲ အမှန်တကယ်အရောင်းအဝယ်ဖြစ်ပေါ်နေတဲ့ ဈေးနဲ့ YGEA သတ်မှတ်ဈေးဟာ ၁၆ ပဲရည်တစ်ကျပ်သားကို ၁၉ သိန်းကျော် ကွာဟနေတာဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း အခုပတ်ထဲ အတက်အကျဖြစ်နေတဲ့ ကမ္ဘာ့ရွှေဈေးက ဒီကနေ့မနက်ပိုင်းမှာပဲ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၄၀၅ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

အဲဒီလို ပြည်တွင်းနဲ့ ကမ္ဘာ့ရွှေဈေးတွေမြင့်တက်နေသလို နိုင်ငံခြားငွေလဲနှုန်းတွေလည်း ဒီကနေ့မနက်ပိုင်းမှာ သုံးရက်ဆက် မြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

 

ဇူလိုင် ၂၈ ရက်က အမေရိကန်တစ်ဒေါ်လာ ၅၁၅၀ ကျပ်ကနေ ၂၉ ရက်မှာ ၅၂၃၀ ကျပ်၊ ၃၀ ရက်မှာ ၅၃၅၀ ကျပ်နဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ၅၃၇၀ ကျပ်အထိ ဆက်လက်မြင့်တက်လာတယ်လို့ အဲဒီဈေးကွက်ထဲကနေ သိရပါတယ်။

 

နိုင်ငံခြားငွေဈေးတွေဟာ အခုတစ်ပတ် သုံးရက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၂၂၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၂၀၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၈ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄၀ ကျပ်ကျော်နဲ့ မလေးရှားတစ်ရင်းဂစ်ကို ၇၀ ကျပ်အထိ မြင့်တက်လာကြတယ်လို့ ငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

 

ဒီကနေ့ မွန်းတည့် ၁၂ နာရီခွဲကျော်အထိ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၆၅ သိန်း ငါးသောင်း၊ ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန် ၂၄၀၅ ဒေါ်လာရှိတယ်လို့ ပြင်ပရွှေဈေးကွက်အတွင်းမှ သိရပါတယ်။

 

အလားတူ ငွေကြေးဈေးကွက်ထဲမှာလည်း အမေရိကန်တစ်ဒေါ်လာ ၅၃၇၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၈၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၄၇ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၁၄၀ ကျပ်နဲ့ တရုတ် တစ်ယွမ် ၇၃၀ ကျပ် ဈေးရှိတယ်လို့ အဲဒီဈေးကွက်ထဲကနေ သိရပါတယ်။

 

ဇူလိုင် ဒုတိယပတ်ထဲ ဘဏ်များမှ ငွေကြေးထုတ်ယူရတာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် ရက်ပိုင်းအတွင်း ဘဏ်တွေကနေ ပုံမှန်ငွေထုတ်ယူနိုင်ပြီလို့ သတင်းပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

 

တစ်ဆက်တည်း ဘဏ်တွေက ထုတ်ပေးတဲ့ငွေစက္ကူတွေဟာ အသစ်တွေလို့ သတင်းပျံ့နှံ့လာပြီးနောက် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ကျပ်ငွေသစ်များ ရိုက်ထုတ်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

 

အဲဒီနောက် ပြည်တွင်းရွှေဈေးနဲ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကိုထက်