မင်းကင်းက ရွာထဲ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သား တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Jul 30, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီကဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

 

ပျဥ်းကိုင်းရွာကို ဇူလိုင် ၂၈ ရက်နေ့ ည ၇ နာရီခွဲခန့်က စစ်လေယာဥ်ပေါ်က ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးသလို လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တပ်ရင်း ၃ မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မင်းကင်း၊ ပျဥ်းကိုင်း စာသင်​ကျောင်းနဲ့ ​နေအိမ် ဆယ်လုံးထိခိုက်ပျက်စီးမှုရှိပါတယ်။ ကလေးသုံးယောက်၊ လူကြီးတစ်​ယောက် မစိုးရိမ်ရဒဏ်ရာရပြီး တစ်ဦး​သေဆုံးပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျဉ်းကိုင်းရွာအပါအဝင် တဲကြီး၊ ရှမ်းချောင်း၊ သင်းဝင်ရွာတို့အပါအဝင် ခြောက်ရွာခန့်က ဒေသခံတွေ ညတွင်းချင်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ပေမဲ့ လတ်တလော တချို့ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဇူလိုင် ၂၈ ရက် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုအပြင် ပျဉ်းကိုင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်အထိရှိခဲ့ပြီး ကလေးငယ် လေးဦးအပါအဝင် အရပ်သားခုနှစ်ဦးခန့် ဒဏ်ရာရခဲ့သလို နေအိမ် ၂၀ လုံးနီးပါးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဇွန် ၃ ရက်နေ့ကလည်း မင်းကင်းမြို့နယ်ထဲရှိ မတောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူသုံးဆယ်ထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ်လူ ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် – တပ်ရင်း ၃