ပန်းတောင်းမှာ စစ်ကောင်စီ တပ်ကြပ်တစ်ဦး ရှေ့တန်းမထွက်ချင်လို့ အဆုံးစီရင်

Author ဆလိုင်း
Categories
Published on Jul 30, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုတပ်နယ် ကပစ (၁၆)က စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်အဆင့်ရှိသူတစ်ဦးဟာ ရှေ့တန်းထွက်ရမယ့်စာရင်းထဲပါလာတဲ့အတွက် ရှေ့တန်းမထွက်ချင်လို့ အဆုံးစီရင်လိုက်တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ထုံးဘိုတပ်နယ် ကပစ (၁၆)က တပ်ကြပ်တစ်ဦးဟာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၂ နာရီ ကင်းပြီးလို့အပြန် ၎င်းနေထိုင်ရာလိုင်းခန်းမှာပဲ အဆုံးစီရင်လိုက်ခြင်းဖြစ်တယ်လို့ တပ်နဲ့ နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ညနေပိုင်း တန်းစီတဲ့ခါ တပ်ထဲက အရာရှိတွေရဲ့ ရှေ့တန်းလွှတ်တဲ့ထဲ စာရင်းပါတဲ့အတွက် သူ့ကိုယ်သူ သတ်သေသွားတာပါ။ ရှေ့တန်းကတော့ မသွားရသေးဘူး။ လူတွေက ဒီမနက်မှာ သူရဲ့အလောင်းကို တွေ့တယ်” လို့ ၎င်းက ပြောပါတယ်။

 

သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင် တပ်ကြပ် ဦးစန်းမောင်လို့ သိရပြီး ၎င်းရဲ့ ရုပ်အလောင်းကို ပန်းတောင်းမြို့ရှိ အမှတ်(၆)တပ်မတော်စစ်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

 

ထုံးဘိုတပ်နယ် ကပစ (၁၆)က စစ်ကောင်စီတပ်တွေဟာ ၎င်းတို့ကို ရှေ့တန်းလွှတ်တဲ့အတွက် တပ်တွင်းမကျေနပ်ချက်တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့