မိုးမိတ်က အဝေးကင်းစခန်းတစ်ခု သိမ်းပိုက်၊ မိုးကုတ်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်သုံ့ပန်း ၂၀ TNLA ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Jul 30, 2024

ရှမ်းမြောက်၊ မိုးမိတ်မြို့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ခမရ-၃၄၈ တပ်ရင်းရဲ့ အဝေးကင်းစခန်းတစ်ခုကို တအာင်းတပ် TNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

 

မနေ့က အဲဒီတပ်ရင်းအပြင် စကခ ၂၁ ၊ မိုးမိတ်ဗျူဟာကုန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

 

ဒါ့အပြင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ အဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားများကို TNLA က လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ ဦး ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း ၂၃ လက်လည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

 

အဲဒီနောက် ကျောက်မဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်မ-၁၁၊ ခမရ-၅၀၁ တပ်စခန်းတို့မှာလည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဲဒီစခန်းတွေကနေ လက်နက် ၃၇ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

“ခလရ ၅၀၁ တပ်စခန်းဘက်ကနေ လက်နက်တွေသိမ်းဆည်းရမိပေမဲ့ ခလရ ၅၀၁ ကို မသိမ်းရသေးပါဘူး။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာက သီးသန့်စီ သိမ်းဆည်းရမိတာပါ” လို့ PSLF/TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ခမရ ၅၀၁ တပ်စခန်းကနေ MA1 ကိုးလက်၊ MA2 နှစ်လက်၊ MA3 ၁၅ လက်၊ MA11 ခြောက်လက်၊ M22 တစ်လက်၊ RPG တစ်လက်၊ ၄၅ မမ တစ်လက်၊ ၆၀ မမ တစ်လက်၊ ပစ်စတို တစ်လက်နဲ့ ခဲယမ်းများအပြင် စကားပြောစက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ကျောက်မဲအခြေစိုက် ခမရ-၅၀၂ တပ်စခန်းကနေ မာန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ယမန်နေ့ မနက် ၁၁ နာရီကနေ ၁၂ နာရီအထိ ဟောင်ဝစ်ဇာလက်နက်ကြီး အလုံး ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စကခ(၁)လက်အောက်ခံ ခမရ-၅၀၁၊ ၅၀၂ တို့ရှိ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းကုန်းကို တအာင်းတပ်က ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်ကျန်စခန်းများကို လိုက်လံရှင်းလင်းရာမှ သေနတ် ၁၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

TNLA နဲ့ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ရရှိထားတဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဇူလိုင် ၂၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

Related News

Depend on news