မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းကြောင်း ကြေငြာ

Author မွန်လေး
Categories
Published on Oct 10, 2022

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းကြောင်း ယနေ့တွင် ကြေငြာခဲ့သည်။

“ အန်ကယ်တို့ မွန်ပြည်နယ်တိုင်းအစပ်မှာ မူးယစ်ဆေးဝါးတွေပေါများတယ်။ လူကုန်ကူးမှုတွေပြီးတော့ အဖျက်အန္တရာယ်တွေများတယ်။ အရင်တုန်းက အန်ကယ်တို့က သူပုန်ဖြစ်တယ်။ နိုင်ငံတော်ကို လက်နက်ချအလင်း၀င်ခဲ့တယ်။ ၂၀၁၀ အောက်တိုဘာ ၂၆က လက်နက်စွန့်ခဲ့တာ၊ အရပ်အသားအဖြစ်နေနေတာ။ မွန်ပြည်နယ်ပြည်သူလူထုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ဘုန်းကြီးတွေအသတ်ခံရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေအသတ်ခံရတယ်။ အန်ကယ်တို့သူပုန်ဘ၀တုန်းက အဲ့လိုဟာတွေမလုပ်ခဲ့ဘူး။ အခု ဒါမျိုးတွေမြင်ရတဲ့အတွက် တပ်မတော်နဲ့ ပူးပေါင်းတာမဟုတ်ဘူး။ နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ ကာကွယ်သွားဖို့ ဌာနေပြည်သူ့စစ်အဖြစ်ဖွဲ့စည်းဖို့ပြင်ဆင်တာဖြစ်တယ်” ဟု မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး နိုင်ခဲလဝီကပြောကြားသည်။

လက်ရှိ ဌာနေပြည်သူ့စစ်တွင် အင်အား ၅၈၀ အထိရှိပြီး၊ ဌာနနေပြည်သူ့စစ်အဖြစ်ဖွဲ့စည်းရန် စစ်ကောင်စီ၏ ဌာနအဆင့်ဆင့်သို့တင်ပြထားပြီးဖြစ်သည့်အတွက် လက်နက်ပိုင်းဆိုင်ရာကို နိုင်ငံတော်အစိုးရက တာ၀န်ယူရမည်ဖြစ်ပြီး၊ စစ်ကောင်စီ၏ ကာကွယ်ရေး၀န်ကြီးဌာနက တာ၀န်ယူရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နိုင်ခဲလဝီက ဆက်လက်ပြောကြားသည်။

ယနေ့တွင် ကျင်းပသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နိုင်ရှောင်၏ တာ၀န်ကို ဗိ်ုလ်မှူးချုပ် နိုင်အောင်ထွန်းအားလွှဲပြောင်းပေးအပ်လိုက်ပြီး ငြိမ်းချမ်းရေးကို ရှေးရှု့ပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ခဲ့သည့် ၁၂နှစ်ပြည်နေ့တွင် အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် တပ်မတော်နှင့် လက်တွဲကာ ဌာနေပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ကို ယခင် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်က ပါတိမှနုတ်ထွက်ခဲ့ပြီးနောက် ၂၀၀၈ခုနှစ်တွင် တည်ထောင်ခဲ့ကာ ၂၀၁၀ အောက်တိုဘာလတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ လူအင်အား ၁၂၅ဦး၊ လက်နက် ၅၇လက်ဖြင့် လက်နက်ချပြီး ဌာနေပြည်သူ့စစ်အသွင်ဖြင့် ဘားအံ၊ ကျိုက်မရော၊ ကော့ကရိတ်နှင့် သံဖြူဇရပ်မြို့တို့တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ ရုံးချုပ်အား မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ဖွင့်လှစ်ထားသည်။

ဗိုလ်ချုပ် နိုင်အောင် ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ် နိုင်ရှောင်က ဥက္ကဌအဖြစ်တာ၀န်ယူခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ ဥက္ကဌရာထူးကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းကို လွှဲပြောင်းပေးအပ်ပြီးနောက် ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းခြင်းဖြစ်သည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည့် NLD အစိုးရလက်ထက်တွင် ပေါင်မြို့နယ်ရှိ သောင်ထွန်းမြေများကို လုပ်ပိုင်ခွင့်ရရန် တိုင်းအစိုးရအဖွဲ့ထံ လျှောက်ထားပြီး အစိုးရက လုပ်ပိုင်ခွင့်ချမပေးရသေးမီ ရောင်းချခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။