ထန်တလန်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်၊ ထန်တလန်မှာ တိုက်ပွဲပြင်းထန်နေ

Author ဆလိုင်း
Categories
Published on Jul 26, 2024

ချင်းပြည်၊ ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(ထန်တလန်)က ယမန်နေ့ ဇူလိုင်လ ၂၅ ရက်က သတင်းထုတ်ပြန်ပါတယ်။

 

၎င်းတို့ဟာ MA-2 သေနတ် တစ်လက်၊ G3 သေနတ် တစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်ဆံ ၁၈၅ တောင့်၊ ဗုံးတစ်လုံး၊ ၄၀ မမ ကျည် နှစ်လုံးနဲ့ ကျည်ကာတစ်ခုတို့ဖြင့် အလင်းဝင်ရောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ၎င်းတို့ နှစ်ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ဆုကြေးငွေ ချီးမြင့်ခဲ့တယ်လို့ CDF(ထန်တလန်)တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ထန်တလန်က စစ်သား တစ်ယောက်၊ ရဲ တစ်ယောက် စုစုပေါင်း နှစ်ယောက်ပါ။ ကျွန်တော်တို့ဆီ အလင်းဝင်လာတာဖြစ်ပါတယ်။ လက်နက်တွေပါလာတဲ့အတွက် တစ်ယောက်ကို ဆုကြေးငွေ သိန်း ၅၀ ကျပ်စီ ပေးအပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ ထန်တလန်မှာ စစ်ကောင်စီတပ်နဲ့ ချင်းလန်းကောင်စီ(CC) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ CDF(ထန်တလန်)တာဝန်ရှိသူက CJ Platform သို့ ဆက်ပြောပါတယ်။

 

“ဇူလိုင်လ ၂၂ ရက်နေ့ကစလို့ ထန်တလန်မှာ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ထိ တိုက်ပွဲက ရှိနေသေးပါတယ်။ အခု ထန်တလန်မြို့ထဲမှာ စစ်သားတွေလည်း ရှိတယ်။ ကျွန်တော်တို့လည်း နေရာယူထားတာရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

ချင်းလဲန်းကောင်စီ(CC)လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်က Tilim Operation – 4 စစ်ဆင်ရေးဖော်ဆောင်နေပြီး ပြည်သူ့တော်လှန်ရေးမှာ ပြည်သူတွေအားလုံးပူးပေါင်း ပါဝင်ကြဖို့အတွက်လည်း CDF(ထန်တလန်)က တိုက်တွန်းထားပါတယ်။

 

လက်ရှိ CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဟာ ထန်တလန်မြို့နဲ့ ဟားခါးမြို့ကြား စစ်ကောင်စီ စခန်း လေးခုအနက် သုံးခုကို သိမ်းပိုက်ရရှိထားပြီး လက်ကျန် တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CDF-ထန်တလန်

 

ပုံစာ – အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို တွေ့ရစဥ်