တန့်ဆည်မှာ ပျူဘုန်းကြီး ဦးဝါသဝစစ်ကြောင်းက အမျိုးသားတစ်ဦးကို ရေနွေးပူဖြင့် လောင်းကာ လက်ပြန်ကြိုးတုတ်ပြီးနောက် ချောင်းတွင်းသို့ ပစ်ချ သတ်ဖြတ်ခဲ့

Published on Jul 25, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ပျူစောထီးဘုန်းကြီး ဦးဝါသဝဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ခလရ ၃၆၁ ပူးပေါင်း စစ်ကြောင်းက ကျွန်းတောကုန်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို ကြိုးတုတ် ရေနွေးပူဖြင့် လောင်းကာ ရက်စက်စွာ နှိပ်စက်ပြီးနောက် ချောင်းတွင်းသို့ ပစ်ချ သတ်ဖြတ်ခဲ့တယ်လို့ ကျူးလွန်ခံရသူရဲ့ ဆွေမျိုးတော်စပ်သူက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ဇွန်လ ၅ ရက်နေ့က ကျွန်းတောကုန်းကျေးရွာကို စစ်ကြောင်းထိုးလာပြီးနောက် ကိုကျော်ဇေယျာ (၃၆) နှစ် ကို ဝါးရငယ်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇွန်လ ၁၁ရက်နေ့မှာ ရေနွေးပူနဲ့ လောင်းကာ လက်ပြန်ကျိုးတုတ် ရိုက်နှက်နှိပ်စက်ပြီး ချောင်းထဲ ကန်ချ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကိုကျော်ဇေယျာရဲ့ ​ ဆွေမျိုးတော်စပ်သူက ဆိုပါတယ်။

 

“လည်ချောင်းကို ဓားမွှန်း၊ ရင်ဘတ်ကိုလည်း ဓားနဲ့ လှီးခွဲ၊ အကုန်လုံး ကြည့်စရာမကောင်းအောင် ရိုက်ချိုးထားတာ ။မကျေနပ်ဘူး။ ဘာတော်လှန်ရေးနဲ့မှ မပက်သက်ပါဘူး။ ကျွန်မတို့က ရိုးရိုး တောင်သူယာလုပ် လုပ်ကိုင်စားကြတဲ့သူတွေပါ။ သူက အိမ်မှာ အိမ်ထောင်ဦးစီး။ သူမရှိတော့ရင် အခက်အခဲတွေ ဒုက္ခတွေ ရောက်တာပ။ သူ့အားကိုးနေရတာ။ ကလေးတွေက အငယ်လေးတွေ ရှိသေးတာပ” လို့ ၎င်းက ပြောပါတယ်။

 

မတရားသတ်ဖြတ်ခံရသူ ကိုကျော်ဇေယျာမှာ ကလေးသုံးယောက် ကျန်ခဲ့ပြီး နှစ်ယောက်က ၉ နှစ်နဲ့ ၃ နှစ်အရွယ် လူမမယ်ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် အဲဒီနေ့ တစ်ရက်ထဲမှာပဲ ကျွန်းတောကုန်းရွာသား ကိုအောင်ကိုလတ် (၄၅) နှစ်ကို ကိုကျော်ဇေယျာနဲ့အတူ ဖမ်းဆီးခဲ့ကာ ကျွန်းတောကုန်းကျေးရွာ ဓမ္မာရုံထဲမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကိုအောင်ကိုလတ်ရဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

 

“ အတူတူတစ်ရက်ထဲပဲ။ ဓမ္မာရုံထဲမှာတင် ။ ရွာထဲက ကျွန်းတောကုန်းက ဓမ္မာရုံထဲ နောက်ကနေသေနတ်နဲ့ ပစ်သတ်တာ။ ခံစားရတာတော့ ပြောမနေနဲ့။ ” လို့ ၎င်းက ပြောပါတယ်။

 

ကိုအောင်ကိုလတ်မှာလည်း ၁၀ နှစ်နဲ့ ၁၃ နှစ်အရွယ်နှစ်ဦး ကလေး နှစ်ယောက် ကျန်ခဲ့တာကြောင့် ဖြစ်သလို လုပ်ကိုင်စားသောက်နေရပြီး ကြုံရာကျပန်း လုပ်ကိုင်စားနေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ကိုကျော်ဇေယျာရဲ့ မတရား နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကို ရွာမ တံတားအောက် ချောင်းထဲမှာ ဇွန်လ ၁၄ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပျူစောထီးဘုန်းကြီး ဦးဝါသဝဦးဆောင်တဲ့ စစ်ကြောင်းဟာ ယခုလက်ရှိအချိန်ထိ တန့်ဆည်နယ်မှာ အရပ်သား ပြည်သူပေါင်း ၁၅၀ ခန့်ကို မတရား ညဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

ရေနွေပူလောင်းပြီး သတ်ဖြတ်ခံရသူ ကိုကျော်ဇေယျာရဲ့ ဇာတိကျေးရွာဖြစ်ပြီး ကိုအောင်ကိုလတ် သတ်ဖြတ်ခံရတဲ့ နေရာဖြစ်တဲ့ ကျွန်းတောကျေးရွာဟာ ကိုဩဒိနိတ်အမှတ် 22.980543, 95.350764 မှာ တည်ရှိပါတယ်။

 

ကိုအောင်ကိုလတ်ရဲ့ ဇာတိကျေးရွာဖြစ်ပြီး ကိုကျော်ဇေယျာ ရေနွေးပူလောင်းပြီး သတ်ဖြတ်ခံရတဲ့ နေရာဖြစ်တဲ့ ဝါးရငယ်ကျေးရွာဟာ ကိုဩဒိနိတ်အမှတ် 22.962538, 95.340869 မှာ တည်ရှိပါတယ်။

ကိုကျော်ဇေယျာရဲ့ အလောင်းကို ပြန်လည်ရှာတွေခဲ့တဲ့ ရွာမတံတားကတော့ ကိုဩဒိနိတ်အမှတ် 22.966670, 95.336445 မှာ တည်ရှိပါတယ်။

ကိုကျော်ဇေယျာတို့ သတ်ဖြတ်ခံရတဲ့ မှတ်တမ်းသတင်းဓာတ်ပုံတွေကို CJ Platform အယ်ဒီတာအဖွဲ့က လက်ခံရရှိထားပေမယ့် အများပြည်သူ စိတ်နှလုံးမချမ်းမြေ့ဖွယ် ပုံတွေ ဖြစ်တာကြောင့် သတင်းမှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှာဖွေရာမှာ သက်သေအထောက်အထားအဖြစ် အသုံးပြုလိုတဲ့ မည်သည့် အဖွဲ့အစည်းမဆို အခု သတင်းဓာတ်ပုံတွေကို CJ Platform အယ်ဒီတာအဖွဲ့ထံ ဆက်သွယ်ပြီး တောင်းခံနိုင်ပါတယ်။