ပြည်ပထွက်ခွာမည့် CDMဝန်ထမ်း နှစ်ဦး ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ

Author ခေတ်နီ
Categories
Published on Oct 10, 2022

ပြည်ပသို့ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိနေသည့် CDMဝန်ထမ်း ၂ ဦးကို လေယာဥ်ပေါ်တက်ရောက်ရန် မိနစ်ပိုင်းအလိုတွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စစ်ကောင်စီ ထောက်ခံသူများထံမှ သိရသည်။

မလှိုင်မြို့နယ် အမက (လွန်)မှ မူလတန်းပြ ဆရာ ဦးအေးကောင်းနှင့် ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကထိက ဒေါ်မေထူးကျော်တို့ကို ရန်ကုန်လေဆိပ်မှ ထွက်ခွာရန် လေယာဥ်စောင့်ဆိုင်းနေစဥ် ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် Blacklist သွင်းခံထားရသည်ဟုဆိုကာ ယမန်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သည့် Civil Disobedience Movement -CDM တွင်ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးရတာဖြစ်သည်ဟု စစ်ကောင်စီ ထောက်ခံသူများဘက်မှ ပြောဆိုမှုများရှိနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီဟာ CDM ဝန်ထမ်းများ၏ အမည်စာရင်းများကို လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင့် ဖြန့်ဝေကာ စောင့်ဆိုင်းဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကို စစ်ကြောရေးသို့ပို့ဆောင်ကာ စစ်ကြောရေးအတွင်းနှိပ်စက်မှုများကို မခံနိုင်သဖြင့် အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်ရန် လက်မှတ်ရေးထိုးပေးရခြင်း၊ ငွေကြေးတတ်နိုင်သူအချို့မှာ ပြန်လည်လွတ်မြောက်ရန်ကျပ်သိန်း ၅၀မှ ၁၀၀ခန့်အထိ ပေးဆောင်ရမှုများရှိနေတယ်လို့လဲ သိရသည်။

“CDM list အကုန်ရှိတယ် သူတို့လက်ထဲရှိတာကြာပြီ ကျွန်တော့် အဒေါ်တုန်းက လည်း passport မှာ လွှတ်ပေးတယ် ငွေရအောင်လို့ ပြီးမှ အဲ့လို အထွက်တိုင်းမှာ စာရင်းရှိနေတာ၊ အသိ ဆရာဝန် အစ်မ တစ်ယောက်ဆို ဗိုလ်မှူး ကိုယ်တိုင်လိုက်ပို့တာတောင် စစ်ကြောရေးတန်းပါသွားတယ်”ဟု လဝက CDMအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက CJ Platformကိုပြောသည်။

လေဆိပ်နှင့် စစ်ဆေးရေးဂိတ်များမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် CDMဝန်ထမ်းများဟာ ယခုအချိန်အထိ ၃၀၀နီးပါးထိရှိနေပြီး အချို့မှာ စစ်ကောင်စီ၏ တရားစွဲဆိုမှုများကြောင့် အမှုရင်ဆိုင်နေရပြီး ပြစ်ဒဏ်ကျခံနေရသူများလဲ ရှိနေတယ်လို့ သိရသည်။

CDMဝန်ထမ်းများအား စစ်ကောင်စီမှ လေဆိပ်များနှင့် နယ်စပ်ဂိတ်အသီးသီးတွင် စောင့်ဆိုင်းဖမ်းဆီးနေကြောင်း CJ Platform မှာ အောက်ပါ သတင်း Link တွင် အသိပေးဖော်ပြခဲ့ဖူးသည်။

https://m.facebook.com/story.php?story_fbid=136594022451420&id=107006828743473