သန်လျင်တံတားသစ်မှာ တံတားဖြတ်သန်းခကောက်ပေမဲ့ စစ်ခေါင်းဆောင်အကြိုက် EV ကားတွေ မကောက်

Author ကိုထက်
Categories
Published on Jul 23, 2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ဖွင့်ခဲ့တဲ့ ရန်ကုန်တိုင်းက သန်လျင်တံတား အမှတ် ၃ မှာ သူအသုံးပြုခိုင်းနေတဲ့ လျှပ်စစ်ကား(EV)တွေကို တံတားဖြတ်သန်းခမကောက်ဘူးလို့ ယာဉ်မောင်းများထံမှ သိရပါတယ်။

 

တိုးဂိတ်ရောက်ရင် ကားကိုကြည့်ပြီး EV ကားဖြစ်ပါက ဖြတ်သန်းခပေးစရာမလိုဘူးလို့ပြောဆိုကြောင်း သာကေတမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တိုးဂိတ်ရောက်ရင် ကားကိုသေချာကြည့်တယ်။ ကျွန်တော့်ရှေ့က EV တစ်စီးအရင်ဖြတ်တာ ပေးစရာမလိုဘူးဆိုပြီး လက်ခါပြတယ်။ ကျွန်တော့်ကားကျ ဂတ်စ်ကားဆိုတော့ တစ်ထောင်ပေးရတယ်။ အိမ်စီးကားဆို ငါးရာတဲ့။ မေးကြည့်တော့ EV ကားကိုမကောက်ရဘူးလို့ ပြောထားလို့တဲ့” လို့ ၎င်းက ပြောပါတယ်။

 

သန်လျင်တံတားသစ် အသုံးပြုခ ကောက်ခံနှုန်းထားတွေကတော့ အိမ်စီးကား ၃ တန်အောက် တစ်စီးကို ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ယာဉ်တွေကို ၁,၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်တွေကို ၂,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

 

ဒါ့အပြင် ကုန်တင်ယာဉ်တွေဘက်မှာလည်း ၆ ဘီး၊ ၈ ဘီး စတဲ့ ကုန်တင်ယာဉ်ငယ်တွေကို ၄,၀၀၀ ကျပ်နဲ့ တန်ပိုဒဏ်ကြေး ၁၂,၀၀၀ ကျပ်၊ ကုန်တင်ကား(ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကားတွေကို ၁၂,၀၀၀ ကျပ်နဲ့ တန်ပိုဒဏ်ကြေး ၂၂,၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီး တွဲကားတွေကို ၂၂,၀၀၀ ကျပ်နဲ့ တန်ပိုကြေး ၆၆,၀၀၀ ကျပ်၊ ကုန်မပါ တွဲကားတွေကို ၄,၀၀၀ ကျပ် ကောက်ခံနေပါတယ်။

 

ရန်ကုန်က မြစ်ကူးတံတားတွေမှာ ဖြတ်သန်းခမကောက်တာမျိုး မရှိတော့ဘဲ အခုတံတားအသစ်မှ စစ်ကောင်စီက ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ကတော့ အရေးမကြီးရင် တံတားအဟောင်းကပဲသွားတယ်။ ရန်ကုန်မှာ မြစ်ကူးတံတားတွေမှာ ဘာဖြတ်သန်းခမှကောက်တာ ပြီးခဲ့တဲ့အစိုးရလက်ထက်က မရှိပါဘူး။ အခုမှ အဲဒီလို ဟိုနားပိုက်ဆံကောက်၊ ဒီနားပိုက်ဆံတောင်းက ပြန်ဖြစ်လာပြီလေ” လို့ ကျောက်တံတားမြို့နယ်က ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

သန်လျင်တံတား အမှတ် ၃ တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက် JICA ချေးငွေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံက အကူအညီတွေ ရပ်ဆိုင်းသွားခဲ့ပြီး စစ်ကောင်စီက ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင် တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတက်ခဲ့တဲ့ အဲဒီတံတားသစ်ဖွင့်ပွဲကို ဖောက်ခွဲဖို့ ကြံစည်သူလို့ဆိုပြီး လူ ၁၃ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ဝင် နှစ်ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်