ဟားခါးနဲ့ ထန်တလန်ကြားက စစ်တပ်စခန်း ၃ ခု ကိုသိမ်းပိုက်၊ စစ်သုံ့ပန်းနဲ့ လက်နက်တချို့ရ

Author ဆလိုင်း
Categories
Published on Jul 22, 2024

ချင်းပြည်၊ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီ တပ်စခန်း သုံးခုကို ချင်းလဲန်းကောင်စီ(CC) လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်-ဇိုဖေထံမှ သိရပါတယ်။

 

ဟားခါးနဲ့ ထန်တလန်မြို့တို့ရှိ စစ်ကောင်စီတပ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်နိုင်ဖို့ မြို့နဲ့ မိုင် ၂၀ ခန့်အကွာရှိ စစ်ကောင်စီ တပ်စခန်း လေးခုကို ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ CC ရဲ့ ပူးပေါင်းတပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီထဲက စခန်းသုံးခုကို မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးနောက် ထိန်းချုပ်ထားတယ်လို့ CDF(ဇိုဖေ)ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စခန်း လေးခုထဲက သုံးခုတော့ သိမ်းပြီးသွားပါပြီ။ ကျန်ရှိသေးတဲ့ စခန်းတစ်ခုကိုလည်း ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ ဟားခါးစစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်။ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေရဲ့ လက်နက်ကြီးပစ်ကူကြောင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။

 

အဲဒီ စခန်းသိမ်းတိုက်ပွဲကို CC လက်အောက်ရှိ ချင်းအမျိုးသားတပ်မတော်(CNA)က ဦးဆောင်ပြီး CDF-Hakha၊ CDF-Thantlang၊ CDF-Zophei၊ CDF-Lautu၊ CDF KKG၊ People Defence Army PDA၊ PDF – Vakok နဲ့ CDF-Senthang တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့မရဲစခန်းကို CDF(ဟားခါး)မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး သေဆုံးတဲ့အပြင် သေနတ် ၂၂ လက်လည်း သိမ်းဆည်းရမိသလို အကျဥ်းသား ၆၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – CDF-Hakha

 

ပုံစာ – ဟားခါး မြို့မရဲစခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရစဥ်