တိကျတဲ့တပ်တွင်းသတင်းပေးကြောင့် တပ်မမှူးလိုက်ပါလာတဲ့ Eurocopter ကို ကော်ဘရာအဖွဲ့ ပစ်ချနိုင်ခဲ့

Author အညာသား
Categories
Published on Jul 22, 2024

တိကျသေချာတဲ့တပ်တွင်းသတင်းပေးကြောင့် စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်မမှူးလိုက်ပါလာတဲ့ Eurocopter ကို ယခုနှစ်ဆန်းပိုင်းမှာ Cobra စစ်ကြောင်းက ပစ်ချနိုင်ခဲ့တယ်လို့ Cobra စစ်ကြောင်းမှူး ဗိုလ်စောကော်က ထုတ်ပြောလာပါတယ်။

 

CDM ဗိုလ်ကြီးထက်မြတ်အပါအဝင် CDM စစ်သားတွေရဲ့ စကားဝိုင်း BBM က KNLA သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင် ခမရ ၃၅၆ ထဲ ပစ်ချလေယာဉ်အနီးပြုလုပ်တဲ့ စကားဝိုင်းထဲ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဖရဲသီးက အရမ်းချိုတယ်ဆိုတာ လက်တွေ့ပဲ။ အဲဒီအချိန်က ပွိုင့်ဖိုက်(လေယာဉ်ပစ်သေနတ်)က အဝေးကြီးထားထားလို့ ပြေးယူရသေးတယ်။ မိနစ်ပိုင်းလေးပဲ မီလိုက်တယ်” လို့ ဗိုလ်စောကော်က ပြောပါတယ်။

 

ဗိုလ်ဒါဘောက သတင်းရလျှင်ရခြင်း ချက်ချင်းစီစဉ်ပြီး စနှိုက်ပါ၊ လေယာဉ်ပစ်လက်နက်ကြီးနဲ့ ဒရုန်းများအသုံးပြုကာ ပစ်ချနိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။

 

ပစ်ချလေယာဉ်နဲ့အတူ လိုက်ပါလာတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ ပစ်ခတ်မှုတွေ ရှိနေတဲ့ကြားက ပစ်ချနိုင်ခဲ့တာလို့ “ပြည်သူ့အားမာန်ငါတို့အသံ” ဆိုတဲ့ BBM ရဲ့ဆွေးနွေးမှုထဲ ဗိုလ်စောကော်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ သယ်ယူပို့ဆောင်ရေးအမျိုးအစား Eurocopter ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ယခုနှစ် ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်အရာရှိတွေကိုတင်ဆောင်ကာ သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းဆီ တာဝန်အပြောင်းအလဲလုပ်ဖို့လာချိန် ပစ်ချနိုင်ခဲ့တာပါ။

 

အဲဒီပစ်ခတ်မှုထဲ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူးသုံးဦးနဲ့ ဗိုလ်ကြီးတစ်ဦးတို့သေဆုံးခဲ့တယ်လို့ KNU က ပစ်ချနိုင်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ယင်းကဲ့သို့ တခြားစစ်ကြောင်းများလည်း လုပ်ဆောင်နိုင်ရန်အတွက် လက်နက်သော်လည်းကောင်း၊ သတင်းစကားသော်လည်းကောင်း ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့များ အပေါ် ပါဝင်ပူးပေါင်းကူညီပေးဖို့ မေတ္တာရပ်ခံကြောင်း Cobra စစ်ကြောင်းမှူး ဗိုလ်စောကော်က ဆိုထားပါတယ်။

 

မြဝတီအနီးက သင်္ဃန်းညီနောင်က စခန်းသိမ်းတိုက်ပွဲတွေကို မတ်လထဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဖော်ဆောင်နိုင်ခဲ့ပြီး ယခုအချိန်ထိ KNLA တပ်ဖွဲ့တွေ နေရာယူထားနိုင်ဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – BBM’s ScreenGrab

 

Related News

Depend on news