ရေတပ်သားတွေကို ရှေ့တန်း ပို့ခိုင်းလို့ ရေတပ်ချုပ် ဇွဲဝင်းမြင့် ရာထူးက နုတ်ထွက်ပြီးနောက် အဖမ်းခံထားရ

Author စကားဝါ
Categories
Published on Jul 21, 2024

ရေတပ်သားတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြည်းတပ်ရဲ့ ရှုံးနိမ့်နေတဲ့ ရှေ့တန်းစစ်မြေပြင်ဆီ ပို့ရမယ်လို့ အမိန့်ပေးတဲ့အတွက် ရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

အဲဒီနောက် သူ့ကို စစ်ခေါင်းဆောင်က ဖမ်းဆီးထားတယ်လို့ ၎င်းက ဆိုပါတယ်။

“သူ့တပ်သားတွေ အသက်စတေးရမယ့် အလုပ်ကို သူမလုပ်ဘူးဆိုပြီး စာတင်ပြီးတော့ နုတ်ထွက်လိုက်တာ အခုသူ့ကို ဖမ်းထားတယ်၊ ရပိုင်ခွင့်မဲ့ တာဝန်ပေါ့လျော့မှုတွေနဲ့ ဖမ်းတာ၊ ရေတပ်ထဲမှာ ရေချုပ်ကို ဖမ်းထားတာ မကျေနပ်ကြဘူး၊ ရေတပ်မှာ တပ်ကနေထွက်ပြေးတဲ့သူတွေ နေ့တိုင်းရှိနေတယ်”လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

ရေတပ်သားတွေအပြင် လုံခြုံရေးအစောင့်တပ်တွေဖြစ်တဲ့ အဏ္ဏဝါရိပ်သာ၊ ဘုရင့်နောင်ရိပ်သာနဲ့ ဗဟန်းက တပ်ရိပ်သာမှာ တာဝန်ကျနေတဲ့ တပ်သားတွေကိုလည်း ရှေ့တန်းတွေကို ပို့ဆောင်နေခဲ့ပြီး အဲဒီတပ်သားအများအစုဟာ သေဆုံးသူနဲ့ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေကြသူတွေ များတယ်လို့ သိရပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၀)ဆင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ရေတပ်ချုပ်အဖြစ် တရားဝင် ခန့်အပ်ခံရပြီးတော့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ရေတပ်ချုပ်အဖြစ်ကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

 

သူဟာ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေအနက် သက်တမ်းအတိုဆုံးသော ရေချုပ်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းကို ရေချုပ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

 

“ရေချုပ် ဗိုလ်ထိန်နဲ့ ဒုချုပ် အေးမင်းထွေး၊ ဗိုလ်ချုပ် ထွန်းလူတို့ကို တပ်ထဲမှာ လုံးဝမကြိုက်ဘူး၊ လက်အောက်ငယ်သားတွေကို မောက်မောက်မာမာကို ဆက်ဆံတာ၊ အခုရေတပ်ထဲမှာ အမှန်တကယ် အင်အားက ဘယ်လောက်ရှိတယ်ဆိုတောင် မသိတော့ဘူး သေသူနဲ့ထွက်ပြေးသူနဲ့ အများကြီး”လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ရေချုပ်အဖြစ် လေးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဒါဟာ မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက် ကာလတိုအတွင်း ခေါင်းဆောင်ပိုင်းတွေကို အကြိမ်ရေအများဆုံး အပြောင်းအလဲလုပ်ခဲ့တာပဲဖြစ်ပါတယ်။