အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို သတ္တုတွင်းလုပ်ငန်းရဲ့ ဦးဆောင်ညွှန်မှူးအဖြစ် စစ်ကောင်စီ ရာထူးနှစ်ဆင့်ကျော်တိုးပေး နိုင်မျိုးဟန်ကို ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ နိုင်ငံတကာထံ JFM တောင်းဆို

Author အညာသား
Categories
Published on Jul 19, 2024

စစ်ခေါင်းဆောင်တွေကို အဓိကနိုင်ငံခြားငွေရှာဖွေပေးနေတဲ့ အမှတ်-၂ သတ္တုတွင်းလုပ်ငန်း(ME2)ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အငြိမ်းစားဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ဆိုသူကို စစ်ကောင်စီက ရာထူးနှစ်ဆင့်ကျော်အထိ တိုးမြှင့်ခန့်အပ်လိုက်တယ်လို့ Justice For Myanmar က ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ME2 ထုတ်လုပ်ရေးဌာနရဲ့ အထွေထွေမန်နေဂျာအဆင့်သာရှိသူ နိုင်မျိုးဟန်ကို စစ်ကောင်စီဟာ သတ္တုတွင်းဌာနရာထူးစဉ်အရ စီမံရေးရာနဲ့ ထုတ်လုပ်ရေးဌာနတို့ရဲ့ ညွှန်ကြားရေးမှူးရာထူးတွေကို ကျော်လွန်ပြီး ဦးဆောင်ညွှန်ကြားရေးမှူးအထိ ရာထူးနှစ်ဆင့်ခုန်တက်ပေးလိုက်တာဖြစ်ပါတယ်။

 

နိုင်မျိုးဟန်ကို ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရရှိနေမှုကို ခွင့်မပြုဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြီး၊ အရေးယူတာဝန်ခံစေဖို့လိုတယ်လို့ JFM က နိုင်ငံတကာထံ တောင်းဆိုထားပါတယ်။

 

ဒုဗိုလ်မှူးကြီးဟောင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းတစ်ဦးဖြစ်ပါတယ်။

 

ဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ရဲ့ ကျွမ်းကျင်မှုနဲ့တာဝန်ထမ်းဆောင်ခြင်းဟာ စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇမှုကျူးလွန်မှုကို အားပေးအားမြှောက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

 

ME2 ဟာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ အရေးပါတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး သတ္တုတူးဖော်ရေးလုပ်ကိုင်တဲ့ကုမ္ပဏီများနဲ့ ထုတ်လုပ်မှုခွဲဝေရေး စာချုပ်များ ချုပ်ဆိုလုပ်ကိုင်ခြင်းဖြင့် အကျိုးအမြတ်များ ခွဲဝေရရှိနေသလို စစ်ကောင်စီက တရားမဝင် ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အာဏာသိမ်းမှုနောက်ပိုင်း ME2 ရဲ့ ရှယ်ယာများကို စစ်ကောင်စီက တရားမဝင် ရယူထိန်းချုပ်ခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သံဖြူ(သန့်စင်ပြီး) ၂၁၃ မက်ထရစ်တန်ကို ထုပ်လုပ်နိုင်ခဲ့ကာ ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၁၉၃ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့မှုနဲ့ နှိုင်းယှဉ်လျှင် ၁၀ ရာခိုင် နှုန်းနီးပါးတိုးလာသလို အဆိုပါထုတ်လုပ်မှုကရရှိတဲ့ဝင်ငွေကို ၎င်းတို့ရဲ့ စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။

 

ဖက်စပ်လုပ်ငန်းများမှ ME2 ရဲ့ ရွှေထုတ်လုပ်မှုဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၉,၈၄၀ ထရွန်အောင်စနဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ ၆,၃၇၅ ထရွန်အောင်စရှိခဲ့သလို ရွှေထုတ်လုပ်မှုရဲ့ တန်ဖိုးကို ထုတ်ဖော် ပြောကြားထားခြင်းမရှိဘူးလို့ JFM က ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံသယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဦး ခြေလှမ်းများ(EITI)အစီရင်ခံစာရဲ့ နောက်ဆုံးရရှိတဲ့ အချက်အလက်များအရ  ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်မှာ ME2 က ကောက်ခံရရှိတဲ့ ရွှေရောင်းချရငွေမှာ ၇,၁၉၂ တီကယ်(၃,၇၉၂ ထရိုင်အောင်စနဲ့ညီမျှတဲ့)အတွက် ကျပ်ငွေ ၆ ဒသမ ၆ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။

 

ME2 ဟာ ရွှေရောင်းချမှုကနေ အခွန်ငွေအဖြစ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၂၈ ဒသမ ၀၃ ဘီလီယံနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၅ ဒသမ ၄၃၇၉ ဘီလီယံ အသီးသီးရရှိခဲ့ပြီး အာဏာသိမ်းနောက် ထုတ်လုပ်မှုတိုးမြင့်လာတာနဲ့အတူ ME2 ဟာ စစ်ကောင်စီအတွက် ရွှေထုတ်လုပ်မှု တစ်ခုတည်းမှ ဒေါ်လာသန်းပေါင်းများစွာ အခွန်ဝင်ငွေရရှိနေတာကို အချက်အလက်များက ပြသနေတယ်လို့ JFM က ဆိုပါတယ်။

 

ME2 ဟာ သံဖြူ-အဖြိုက်နက်၊ ရူဘီဒီယမ်၊ တန်တလမ်-နီအိုဘီယမ်၊ လီသီယမ်၊ တိုက်တေနီယမ်၊ ဟက်ဖ်နီယမ်၊ ဗန်နေဒီယမ်၊ အင်ဒီယမ်၊ ဘစ်မတ်၊ ရွှေ၊ မိုလစ်ဘ်ဒင်နမ်၊ ရွှေဖြူ၊ မြေရှားသတ္တုဒြပ် စင်များ၊ ရေဒီယိုသတ္တိကြွသတ္တုများနဲ့ အကြီးစားသတ္တုများအပါအဝင် တွင်းထွက်ပစ္စည်းနဲ့ ဓာတ်သတ္တုများ ထုတ်လုပ်မှုကို အဓိကတာဝန်ယူလုပ်ကိုင်ရခြင်းဖြင့် မြန်မာ့တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

 

ME2 ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – JFM