တစ်ဖက်သတ်အပစ်ရပ်ထားပေမဲ့ လာတိုက်တဲ့စစ်ကောင်စီတပ်များကို ခုခံရင်း မိုးကုတ်အရှေ့ပိုင်းမှာ တပ်စခန်း ၅ ခု TNLA ထပ်သိမ်း

Author လဂွန်းအိမ်
Categories
Published on Jul 19, 2024

တစ်ကျော့ပြန်ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်ကြောင့် လေးရက်ကြာအပစ်ရပ်ထားပေမဲ့ လာရောက်တိုက်ခိုက်တဲ့စစ်ကောင်စီတပ်များအား ခုခံရင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ ယမန်နေ့က တပ်စခန်းငါးခုသိမ်းနိုင်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

 

ဇူလိုင်လ ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ TNLA/PDF ပူးပေါင်းတပ်တို့ကြား မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ လေးမျက်နှာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်နဲ့ ပတ္တမြားစေတီအနီး စတဲ့နေရာ လေးခုမှာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် စစ်ကောင်စီရဲ့ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်းနဲ့ ဖောင်တော်ဦးအနီးရှိ စစ်ကောင်စီစခန်းတို့ကို လက်နက်ခဲယမ်းများနဲ့အတူ သိမ်းပိုက်ရရှိခဲ့တယ်လို့ တအာင်းတပ်က ပြောပါတယ်။

 

ယမန်နေ့ နေ့လယ်ပိုင်းမှာတော့ လေးမျက်နှာဘုရားအပေါ်မှ စစ်ကောင်စီတပ်သားများ ဖရိုဖရဲထွက်ပြေးလာတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာတွေ့ရပါတယ်။

 

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုးကုတ်မြို့ပေါ်ရှိ အောင်သိဒ္ဓိ၊ မင်းတံတားရပ်၊ ဟက်ဖလားရပ်၊ ဖောင်တော်ဦးဘုရားအနီးနဲ့ ကုန်းမြင့်သာရပ်ကွက်တွေပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သီလရှင် သုံးပါးအပါအဝင် အရပ်သားကိုးဦးသေဆုံးပြီး ဆယ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထဲ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် TNLA/PDF ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကိုလည်း စစ်ကောင်စီက အတွဲလိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပန်းမချယ်ရီရပ်ကွက်ရှိ ပြည်သူ နှစ်ဦး ထပ်မံသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ် ခမရ ၅၀၁/၅၀၂ မှ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့တဲ့အပြင် တိုးဂိတ်နဲ့ အေးရှားဝေါအနီးတစ်ဝိုက်မှာလည်း စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ လေယာဉ်၊ ဒရုန်းတို့နဲ့ ဗုံးသီးချတိုက်ခိုက်မှုများ၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲ ၂၄ ရက်အတွင်း အရပ်သားသေဆုံးမှု ၉၄ ဦးအထိရှိခဲ့ပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/ TNLA က ထုတ်ပြန်ထားပါတယ်။

 

တရုတ်ရဲ့ ကွန်မြူနစ်ပါတီအစည်းအဝေးကာလဖြစ်လို့ တရုတ်ဘက်ကမေတ္တာရပ်ခံမှုကြောင့် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ရှမ်းမြောက်မဟာမိတ်တပ်တွေဘက်က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို တစ်ဖက်သတ်အပစ်ရပ်ကြောင်း ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ခဲ့ကြပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA