စစ်တွေမှာ ကျောင်းသားနဲ့ အမျိုးသမီးတွေအပါအဝင် လူရာချီကို ညသန်းခေါင် စစ်ကောင်စီဝင်ဖမ်း

Author သုတ
Categories
Published on Jul 19, 2024

စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁)ကို စစ်ကောင်စီတပ်က ညသန်းခေါင်ဝင်ရောက်စီးနင်းကာ ကျောင်းသားနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံရာနဲ့ချီ ဖမ်းဆီးသွားတယ်လို့ အဲဒီဒေသခံတွေက CJ Platform သို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်နေ့ သန်းခေါင်ယံ ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးသွားတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

 

“အိမ်တွေထဲထိ ဝင်ဖမ်းတာ။ တွေ့တဲ့လူ အကုန်ဆွဲသလိုဖြစ်နေတာ။ အိမ်တွေရော၊ တိုက်ခန်းတွေရော ဝင်ဆွဲတာ ဆူညံနေတာပဲ။ ကျောင်းတက်နေတဲ့လူငယ်လေးတွေပါ ပါသွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲ တက္ကသိုလ်ကျောင်းသားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး စုစုပေါင်း အယောက် ၁၀၀ လောက်ရှိတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေက ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့မရဲစခန်းနဲ့ စစ်တပ် တပ်ရင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ ၎င်းတို့ထံမှ သိရပါတယ်။

 

ဒါပေမဲ့ ဘယ်တပ်ရင်းထဲကို ခေါ်သွားတယ်ဆိုတာကိုတော့ CJ Platform အနေနဲ့ အတည်မပြု နိုင်သေးပါဘူး။

 

“ယောကျ်ားတွေပေါ့။ အထူးသဖြင့် အရွယ်ကောင်းတွေကို တပ်ဘက်ကို ကားတွေနဲ့ ခေါ်သွားတယ်။ ရဲစခန်းမှာတော့ အမျိုးသမီးနဲ့ အသက်ကြီးတွေပါ။ ဘယ်တပ်ရင်းကို ခေါ်သွားလဲတော့ မသိဘူး။ တပ်ထဲခေါ်သွားရင်တော့ စိုးရိမ်ရပါတယ်” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မင်းဂံရပ်ကွက်များအတွင်းက ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးကျော်ကို စစ်ကား ဆယ်စီးနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

နောက်ပြီး မေလအတွင်း စစ်တွေမြို့အနီး ဗျိုင်းဖြူရွာက ရွာသား ၁၀၀ လောက်ကို စစ်ကောင်စီတပ်ရင်းတွေဆီ ဖမ်းဆီးသွားပြီးနောက် ၇၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တာကို အာရက္ခတပ်တော် AA က နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ ရှိနေသေးတဲ့ စစ်တွေမြို့မှာ နေ့စဉ်ဆိုသလို စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပြီး တချို့ဒေသခံတွေကို ငွေညှစ်ကာ ပြန်လွှတ်ပေးတာတွေရှိပေမဲ့ တချို့ဒေသခံတွေကိုတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၁၇(၁) နဲ့  တရားစွဲမှုတွေလည်း ရှိနေတယ်လို CJ Platform က စုံစမ်းသိရှိရပါတယ်။

 

ဒီလို အခြေအနေတွေကြောင့် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်ဒေသတွေကို တိမ်းရှောင်မယ့် ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်တွေက မြို့မှ ထွက်ခွာခွင့်မပေးဘဲ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ – စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းအကြောင်းပြကာ အရပ်သား ပြည်သူတွေကို ဖမ်းဆီးနေစဉ်။(ပုံဟောင်း)