ကျောက်ထုက အမြောက်တပ် မကွေးနဲ့ ချင်းရှိ ရွာများကို ဆက်တိုက်ပစ်ခတ်နေလို့ အရပ်သားများ ထိခိုက်သေဆုံး

Author ဆလိုင်း
Categories
Published on Jul 18, 2024

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်မှ ယခုရက်ပိုင်းအတွင်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီတပ်ဟာ ကျောက်ထုမြို့အနီးနား ကျေးရွာများနဲ့ ချင်းပြည်နယ်အစပ်ရှိ ကျေးရွာများကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာလို့ ဆိုပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ည ၈ နာရီဝန်းကျင်က တိုက်ပွဲမဖြစ်ဘဲ ကျောက်ထုအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ကျောက်ထုမြို့၊ ကြန်တောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အဲဒီဒေသခံတွေက ဆိုပါတယ်။

 

ဒါကြောင့် ဦးဝင်အောင် (၅၅)နှစ် သေဆုံးပြီး ဦးသိန်းဝင်း (၆၃)နှစ်နဲ့ ဒေါ်ခင်သန်းအေး (၄၆)နှစ်တို့ရဲ့ ခြေ၊ လက်၊ တင်ပါး၊ ကျောကုန်းတို့မှာ ကျည်စထိမှန်ခဲ့လို့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“လက်နက်ကြီးကျည်က ကျေးရွာအနီးတစ်ဝိုက် ပစ်ခတ်တာ အလုံးရေ ၂၀ ထက်မနည်း ပစ်ခတ်ပြီး တစ်လုံးက ကျေးရွာနေအိမ်ထဲကို တည့်တည့်ကျပေါက်ကွဲလို့ အရပ်သား ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ပန်းဆန်ကျေးရွာထဲ ကျပေါက်ကွဲလို့ စာသင်ကျောင်းအပါအဝင် နေအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

ဒါကြောင့် အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ဖို့ သတိပေးတိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – စစ်ကောင်စီပစ်ခတ်လို့ ထိခိုက်ပျက်စီးသွားတဲ့ ပန်းဆန်ကျေးရွာက စာသင်ကျောင်းကို တွေ့ရစဥ်