ရန်ကုန်မှာ မိုးတွင်းကာလ အဆိုးရွားဆုံး လျှပ်မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရ မြို့နယ်တချို့မှာ လျှပ်စစ်မီး ရက်နဲ့ချီပြတ်တောက်နေ

Author ကိုထက်
Categories
Published on Jul 16, 2024

မြန်မာနိုင်ငံထဲ စက်မှုလုပ်ငန်းအထွန်းကားဆုံး ရန်ကုန်မြို့မှာ အာဏာသိမ်းအပြီး လေးကြိမ်မြောက် မိုးတွင်းကာလမှာ အဆိုးရွားဆုံး လျှပ်စစ်မီး မီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ခံများထံမှ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

နာရီပိုင်းကြာ လျှပ်စစ်မီးပြတ်တောက်မှုကို နေသားကြနေပေမဲ့ ယခုဇူလိုင်လအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ ရက်နဲ့ချီပြတ်တောက်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

သန်လျင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်းစတဲ့ မြို့နယ်တွေမှာ မီးလာချိန်၊ ပြတ်ချိန်မမှန်သလို၊ ရက်နဲ့ချီ ပြတ်တောက်တွေ ရှိနေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

“မီးက နှစ်ရက်ဆက်တိုက်ကိုမလာဘူး” လို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁၂၆ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် မြို့နယ်လျှပ်စစ်ရုံး(EPC)ထံ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ၎င်းတို့ကိုယ်တိုင်လည်း မသိဘူးဆိုပြီး ပြန်လည်ဖြေကြားတယ်လို့ ၎င်းက ပြောပါတယ်။

 

“ကောင်းကောင်းမွန်မွန်မဖြေဘူး။ ထမင်း၊ ဟင်းချက်ဖို့ကို ဂတ်စ်တွေလည်းဝယ်လို့မရ၊ မီးသွေးကလည်းဈေးကြီးနဲ့ ရေတင်လို့မရ၊ တော်တော်ဒုက္ခရောက်ပါတယ်။ ဆိုးတာ အိမ်မှာက နေမကောင်းတဲ့အဘိုးတစ်ယောက်ရှိတယ်။ တစ်ခါတလေ အောက်ဆီဂျင်စက်တပ်ပေးရတယ်။ မီးမလာတော့ အသက်ရှုကြပ်ရင် ဂေါက်ပဲရှူခိုင်းရတာပေါ့” လို့ အရှေ့ဒဂုံက မြို့ခံက ပြောပါတယ်။

 

ဒါ့အပြင် အင်းစိန်၊ တောင်ဥက္ကလာပမြို့နယ်တွေမှာလည်း မီးလာချိန်၊ ပြတ်ချိန်မမှန်ဘဲ၊ အုပ်စု(A)(B)မီးပေးရာမှာ အုပ်စု(B)ကနေရာတွေမှာ အဆိုးရွာဆုံးပြတ်တောက်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“မီးက မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီလာရက်လည်း ၁ နာရီလောက်ပဲလာတယ်။ ညပိုင်းတွေပြတ်နေတာ အဆိုးဆုံးပဲ။ အခုရက်ပိုင်းတွေ။ အုပ်စု(A)ဘက် အမြဲမှန်တယ်။ လာချိန်ရော၊ ပြတ်ချိန်ရော၊ ကျွန်မတို့အုပ်စု(B)ကိုတော့ အိပ်မှမီးပေးသလိုဖြစ်နေတယ်။ လာလိုက်ရင် ည ၁၂နာရီမှ” လို့ ၎င်းက ပြောပါတယ်။

 

သန်လျင်မြို့နယ် ဘုရားကုန်းရပ်ကွက်ဘက်ကိုလည်း ပြီးခဲ့တဲ့ ဧပြီလကစလို့ နေ့ဘက်တွေမီးမပေးဘဲ ညဘက်တွေမှသာ မီးပေးနေတယ်လို့ အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။

 

“မနေ့ညကတည်းကပြတ်သွားတာ အခုညနက်ပိုင်းမှ ကျွန်မတို့ဆီ မီးပြန်လာတယ်။ ဒီမှာတော် တော်တော်ဆိုးဆိုးဝါးဝါးပဲ” လို့ ရွှေပြည်သာမြို့နယ်က မြို့ခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်အတွင်း နာရီပိုင်းကြာမီးပြတ်တောက်မှုတွေအပြင် တစ်ရက်မှ နှစ်ရက်ကြာမြင့်တဲ့အထိ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

အခုမိုးရာသီကာလမှာ မိုးဖြိုင်ဖြိုင်ရွာနေပြီး လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ထုတ်လုပ်နိုင်ပေမဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေဆဲဖြစ်ပါတယ်။

 

အခုရက်တွေမှာ ရန်ကုန်မှာ လျှပ်စစ်မီးကို အုပ်စု A /B ခွဲကာ မနက် ၈ နာရီမှ နေ့လယ် ၁ နာရီ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျ မီးပေးနေတယ်လို့ YESC ရဲ့ ကြေညာထားချက်အရ သိရပါတယ်။

 

ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်တာတွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေ ရှိနေတာပါ။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကတော့ ရွှေလီ- မန်စံ ရွှေစာရံ ဓာတ်အားလိုင်းအပြစ်ဖြစ်နေပြီး နယ်မြေအခြေအနေရ ပြုပြင်ဖို့ခက်နေသေးတာကြောင့် ရန်ကုန်မှာ မီးယာယီပြတ်တာတွေ ရှိနေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုလျော့ကျစေပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်စေတယ်လို့ စီးပွားရေးပညာရှင်တွေက မှတ်ချက်ပေးပြောကြားထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်