မတူပီမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးများလိုအပ်နေ၊ ထိုအရာများမရလို့ စစ်ဘေးရှောင်တစ်ဦး သေဆုံး

Author ဆလိုင်း
Categories
Published on Jul 15, 2024

ချင်းပြည်၊ မတူပီမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးလုံလုံလောက်လောက်မရရှိလို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

သေဆုံးသူ လောင်ဗန်းရပ်ကွက်မှ ဦးပါဆင်းမှာ ဇနီးနဲ့ သားသမီး ငါးဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

၎င်းဟာ ရက်ရှည်နေမကောင်းခဲ့ပေမဲ့ ဆေးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာရရှိတာကြောင့် ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ သေဆုံးသွားရတာဖြစ်ပါတယ်။

 

မတူပီမြို့နယ်က စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေ ပြတ်လတ်နေသလို ဆေးကုသဖို့ လမ်းကြောင်းတွေလည်း ပိတ်ထားတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ပတ်သက်ပြီး အခက်တွေ့နေရတယ်လို့ အဲဒီကကျန်းမာရေးဝန်ထမ်းတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ဆီမှာက အဖျားဆေးတွေလောက်ပဲ ရှိတယ်။ အရမ်းကြီးတဲ့ အစာအိမ်ဆေး၊ ကျောက်ကပ်ဆေး၊ နှလုံးဆေးတွေက မရှိဘူး။ မနေ့က ဆုံးသွားတဲ့ ဦးလေးဆို အစာအိမ်ရောင်တာ။ အဲဒီလိုမျိုး ဆေးဆို မရှိဘူး။ ဆေးရုံပို့မယ်ဆိုတော့လည်း လမ်းကြောင်းတွေက အကုန်ပိတ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ရရှိထားပေမဲ့ စစ်ဘေးရှောင်တွေ ယနေ့ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

 

ကလေးနဲ့ သက်ကြီးရွယ်အိုတွေများတဲ့ စစ်ဘေးရှောင်တွေဟာ မိုးတွင်းကာလမလို့ ကလေးတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာရောဂါတွေ အဖြစ်များလာနေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အိမ်ပြန်လို့လည်း မရသေးတာကြောင့် ဆေးဝါးတွေလည်း လိုအပ်လာပြီ။ စစ်ဘေးရှောင်တွေအများစုက လူကြီးနဲ့ ကလေးတွေများတဲ့အတွက် ဆေးဝါးက အဓိကလိုအပ်တယ်” လို့ ၎င်းက ဆိုပါတယ်။

 

မတူပီမြို့နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင် ၄၀ဝ၀ နီးပါးရှိပြီး ၎င်းတို့ဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေအပြင် အမိုးအကာ၊ နေရာထိုင်ခင်း အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ – သေဆုံးသွားတဲ့ စစ်ဘေးရှောင်အမျိုးသားကို တွေ့ရစဉ်