ခရိုနီဦးမောင်ဝိတ် လုပ်ကွက်အတွင်း ပျောက်နေသူ ခုနစ်ဦး တစ်ရက်ကျော်ကြာတဲ့အထိ မတွေ့သေးလို့ အရှိန်မြှင့်ရှာဖွေနေလို့ဆို

Author အညာသား
Categories
Published on Jul 15, 2024

ခရိုနီဦးမောင်ဝိတ်ပိုင်ဆိုင်တဲ့ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ကွက်အတွင်း ယမန်နေ့က ပျောက်ဆုံးသွားတဲ့ လုပ်သား ခုနစ်ဦးကို ယနေ့ မနက်ပိုင်းအထိ မတွေ့သေးလို့ အရှိန်မြှင့်ရှာဖွေနေတယ်လို့ အဲဒီမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာထိပ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ယမန်နေ့ ဇူလိုင် ၁၄ ရက် မနက် ၈ နာရီခွဲခန့်က ရေဆိုးထုတ်ပြွန် တည်ဆောက်နေစဉ် တာကျိုးလို့ အလုပ်လုပ်နေတဲ့ လုပ်သား ဆယ်ဦးအနက် ခုနစ်ဦး ရေနစ်ပျောက်ဆုံးနေတာဖြစ်ပါတယ်။

 

“ပျောက်နေတဲ့သူတွေကို တွေ့ရှိဖို့ ရေစုပ်စက်ကြီး ခြောက်လုံးနဲ့ ရေစုပ်ထုတ်နေပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်မှာ ရေခြောက်ပေလောက် စုပ်ထုတ်နိုင်ခဲ့ပြီးပါပြီ။ ရှာဖွေမှုတွေကို အမြန်ဆုံးလုပ် ဆောင်သွားမှာပါ” လို့ မီးသတ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

အလားတူဖြစ်စဉ်မျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရလက်ထက်မှာ ယခုလို မြစ်ရေကြီးနေချိန် အမရပူရမြို့နယ်၊ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ကမ်းနားလမ်းရှိ ရေထိန်းတံတားပြုပြင်နေစဉ် တံတားအောက်ခြေမှ မြစ်ရေစိမ့်ပြီး တာကျိုးပေါက်ကာ ရပ်ကွက်များထဲ ရေတရှိန်ထိုးစီးဝင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ဖူးပါတယ်။

 

ယခုမြို့ပြစီမံကိန်းကို ဦးမောင်ဝိတ်ပိုင် Mandalay Business Capital City Development–MBCCD ကုမ္ပဏီက တာဝန်ယူပြီး အမရပူရမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရှမ်းကလေးကျွန်းရွာ အပါအဝင် မြစ်အတွင်းရှိ မြေနုကျွန်း၊ ကိုင်းမြေ၊ ရွာမြေ ဧက ၂၀ဝ၀ ကျော်ဧရိယာပေါ်မှာ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

 

စီမံကိန်းဖော်ဆောင်ဖို့ ယခင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ခွင့်ပြုချက်ရခဲ့ပြီးနောက် NLD လက်ထက်မှ စတင်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ သဘာဝပတ်ကျင်ရေးရာကျွမ်းကျင်ပညာရှင်တွေက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကို ထိခိုက်စေပြီး ယခုလို ရေဘေးဒုက္ခတွေအပြင် တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ကြပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့အပေါ် တရားစွဲဆွဲခဲ့ရာမှာ ယခုအမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ကိုင်ခွင့်ရ ဦးမောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်ဆိုတဲ့ စွပ်စွဲထောင်ချမှုလည်း အပါအဝင်ဖြစ်ပါတယ်။

 

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – ဇူလိုင် ၁၅ ရက်မှာ ရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နေမှုကို တွေ့ရစဉ်