ရှစ်နှစ်အတွင်း မုံရွာမှာ ပထမဆုံးရေပြန်ကြီး၊ ရေဘေးကြောင့် ရွာ ၁၅ ခု စတင်ပြောင်းရွှေ့နေရ

Author မင်းထက်
Categories
Published on Jul 11, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇူလိုင်လ ၉ မှ ၁၁ ရက်အထိ သုံးရက်အတွင်း ချင်းတွင်းမြစ်ရေ ခုနစ်ပေခန့်အထိ မြင့်တက်လို့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှစ်နှစ်အတွင်း ပထမဆုံးရေကြီးရေလျှံမှုနဲ့ပြန်လည်ကြုံတွေ့နေကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

လတ်တလော ညောင်ဖြူပင်၊ ချောင်းကောက်၊ ကျွန်းကြီးအုပ်စု၊ ဘုမ္မနိုးအုပ်စု စတဲ့ကျေးရွာတွေအပါအဝင် ရွာ ၁၅ ခုခန့်က ဒေသခံ ၂၀ဝ၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ဒီလိုတိမ်းရှောင်နေရင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဖျားနာသူတွေအပြင် မြွေနဲ့ ကင်းခြေများလို အဆိပ်ရှိသတ္တဝါတွေအကိုက်ခံမှုများရှိနေတယ်လို့ ရေဘေးရှောင် ဒေသခံများက ပြောပါတယ်။

 

“တော်တော်ခက်ခဲတယ်လို့ ပြောရမယ်ဗျ။ မြွေကိုက်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ၊ ဖျားနာမှုတွေလည်း ရှိနေပါတယ်ဗျ။ ကျွန်တော်တို့အထဲက မြွေကိုက်ခံရသူ ခြောက်ယောက်အထိ ရှိပါတယ်ဗျ။ ကင်းခြေများ ကိုက်တာတွေကတော့ တော်တော်များတယ်” လို့ ရေဘေးရှောင် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ယခုမြစ်ရေကြီးမှုဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ရေကြီးမှုနောက်ပိုင်း ရှစ်နှစ်အတွင်း ပထမဆုံးရေကြီးမှုဖြစ်တယ်လို့ အဲဒီက ဒေသခံများက ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း မြစ်ရေမြင့်တက်မှုကြောင့် တော်လှန်ရေးရဲဘော်တွေလည်း ဒေသခံများနဲ့အတူ ရေဘေးရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒီနှစ်ရက်အတွင်းမှာ မြစ်ရေက အရမ်းတိုးလာတယ်။ (ဇူလိုင်)၉ ရက်နေ့လောက်အထိ ရွာဘက်တွေမှာ နေရသေးတယ်။ ၁၀ ရက်နေ့ကျော်သွားတော့ အိမ်တွေ ရေမြုပ်တဲ့အထိဖြစ်ကုန်တယ်။ အခုဆို ကျွန်တော်တို့လည်း ပြည်သူတွေနဲ့အတူတူ ရေဘေးသင့်နေတာ အဆင်ပြေတဲ့နေရာမှာပဲ။ ရဲဘော်တွေရော၊ ပြည်သူတွေရော စုနေရပါတယ်ဗျ။ ပြည်သူတွေဆီက ပါလာတဲ့ ရိက္ခာနဲ့ ကျွန်တော်တို့ဆီက ကျန်တဲ့ ရိက္ခာတွေ ပေါင်းပြီးတော့ပဲ ချက်ပြုတ်စားသောက်ကြပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် စစ်တပ်ရဲ့ ကြေးနီနဲ့ ရိက္ခာသယ်တဲ့ စစ်သင်္ဘောတွေကလည်း ဆန်တက်လာဖို့ ရှိနေတယ်လို့ သတင်းထွက်နေတာကြောင့် ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေအနေနဲ့ တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်နေတယ်လို့ ပြောကြပါတယ်။

 

အထက်ပါ ရေဘေးသင့်ပြည်သူတွေအနေနဲ့‌ ရေကောင်းရေသန့်မရရှိခြင်း၊ နေရာထိုင်ခင်းအခက်အခဲ၊ စားနပ်ရိက္ခာအခက်အခဲတွေ ရှိနေတာကြောင့် ကူညီပေးစေလိုတယ်လို့ မုံရွာမြို့နယ်အခြေစိုက် Black Lion People Defense Force က ယနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ တိုက်တွန်းချက် ထုတ်ပြန်ပါတယ်။

 

လှူဒါန်းလိုသူတွေအနေနဲ့ ရေသန့် တစ်ကတ် ၄၅၀ဝ ကျပ်၊ ဆန်တစ်အိတ် ၁၁၀,ဝ၀ဝ ကျပ်၊ မာမား ခေါက်ဆွဲခြောက် တစ်ဖာ ၂၀,ဝ၀ဝ ကျပ်နဲ့ ဆီ ငါးပိဿာတစ်ပုံးကို ၆၀,ဝ၀ဝ ကျပ်အဖြစ် ကူညီနိုင်ကြောင်း အထက်ပါတပ်ဖွဲ့က ဆိုထားပါတယ်။

 

၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းထိ စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း တစ်သိန်းတစ်သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ အဲဒီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့