ကပစ (၂၄) ကို မြိုင်တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၊စစ်ကောင်စီဘက်က အထိအခိုက်များဟုဆို
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်ရှိ ကပစ (၂၄) ကို မြိုင်ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လ ၇ ရက်နေ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီ ၃ မိနစ်ခန့်ကနေ ည ၁၀ နာရီကျော်အချိန်အထိ ပေါက်မြိုနယ် ကပစ (၂၄)ကို ဒရုန်းဗုံးသီး ၁၀၀ ကျော်ခန့်နဲက ရော့ကတ်များစွာကိုသုံးပြီး တပ်ဖွဲဝင်အင်အား အများအပြားနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံ ဗိုလက်ယျာ က CJ Platform ကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထရမ်စဖာ (transfer) တွေ ပျက်စီးခဲ့ပြီး လျှပ်စစ်မီး ဆက်လက်ပေးပိုနိုင်မှုမရှိတော့တဲ့အပြင် ကပစ (၂၄) အတွင်းရှိ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာ အများအပြားရခဲ့တယ်လို့ ဆိုပါတယ်။
“ ထိခိုက်တာကတော့များတယ်။ ဘယ်လောက်ဆိုတာ အတည်မပြုနိုင်သေးဘူး၊ အနီးအနားရွာတွေကို ပြန်ပစ်ခတ်တော့ ဘေးလွတ်ရာရှောင်ကြရတယ်” လို့ သူက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကပစ (၂၄) ကနေ ဟောင်ဝှစ်စာ မြောက်များစွာ ပစ်ခတ်ခြင်း၊ ပေါက်မြိုနယ် ဆူးပုတ်ခုံနဲ့ ပျဉ်းမကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ လက်နက်ကြီး ၈၁ မမ၊ ၁၂၀ မမ ၊ ၁၂၂ မမ တွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ကျွန်းတိုင်း၊ဓာတ်တော်၊ဂဲပင်အင်း၊ ညောင်းရင်းရွာတွေအပါအဝင် ကျေးရွာ (၇) ရွာခန့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲကို တိမ်းရှောင်နေကြရတယ်လို့ အထက်ပါ တာဝန်ခံက ဆိုပါတယ်။
တိုက်ခိုက်မှုတွေကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ၊ ဘာမထီပြောက်ကျားတပ်ဖွဲ၊ နှင်းကွေး ရော့ကတ်အဖွဲ၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲများ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ (ပေါက်)၊ မွေပြွေးပြောက်ကျားတပ်ဖွဲ (ပေါက်မြို့နယ်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၁၂ ရက်ကနေ ၁၄ ရက်ထိ မြိုင်မြို့နယ်တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – ပေးပို့