သံတွဲနဲ့ မောင်တောတိုက်ပွဲ‌များအတွင်း စစ်ကောင်စီတပ်သား ၈၀ဝ ခန့်သေဆုံး

Author သုတ
Categories
Published on Jul 09, 2024

လက်ရှိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသော ရခိုင်ပြည်၊ သံတွဲနဲ့ မောင်တောမြို့နယ်‌က တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၀ဝ ခန့်သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိတယ်လို့ အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၇ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။

 

မောင်တောဒေသအတွင်း စစ်ကောင်စီရဲ့ လက်ကျန်စခန်း‌တွေဖြစ်တဲ့ နခခ ၂ လေးမိုင်စခန်း၊ နခခ ၅ မြို့သူကြီးစခန်းနဲ့ အခြားသောစခန်းတွေကို မိုးတွင်းထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

 

အဲဒီထဲ နခခ ၂ ကို ဇူလိုင်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်မှာ ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဧပြီလ ၁၃ ရက်ကစတင်ဆင်နွှဲနေတဲ့ သံတွဲမြို့သိမ်းတိုက်ပွဲများဟာ ဇွန်နဲ့ ဇူလိုင် ပထမပတ်အတွင်း တိုက်ပွဲအရှိန် အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် သံတွဲဒေသတိုက်ပွဲတွေအတွင်း တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများအားလုံးနီးပါးအပါအဝင် စစ်ကောင်စီတပ်သားအလောင်း ၄၀ဝ ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

 

သံတွဲတိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ သံတွဲအခြေစိုက်တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့အပြင် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း‌တွေနဲ့ ခမရ ၃၁၅ (မိတ္ထီလာ-တမခ-၉၉)-လပခ၊ ခမရ ၃၆၆ (မော်လိုက်-စကခ-၁၀-ကလေး)-နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီရဲ့ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့နဲ့ Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းအချို့ရဲ့ ပြောကြားချက်အရ တပ်မ (၁၀၁)က တပ်ရင်း ၁၀ ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးမှာပါဝင်ခဲ့တယ်လို့ အေအေက ဖော်ပြပါတယ်။

 

ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲတွေအတွင်း သံတွဲမြို့သိမ်းတိုက်ပွဲဟာ AA အတွက် ခက်ခဲတဲ့ မြို့သိမ်းတိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

 

သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ သိမ်းပိုက်ရရှိခဲ့ပြီး  ဇီးဖြူကုန်းမှာ စစ်ကောင်စီတပ်သားအင်အား ၁၀ဝ ခန့်နဲ့ ခုခံနေတဲ့ သုံးထပ်တိုက်နဲ့ အဲဒီပတ်ဝန်းကျင်အနီးအနားက နေရာတွေကို ဇူလိုင်လ ၆ ရက်၊ မနက် ၁၁ နာရီခန့်မှာလည်းကောင်း၊ ငပလီ(မဇင်)လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်က အင်အား ၄၀ဝ ခန့်နဲ့ ခုခံနေတဲ့နေရာတွေအားလုံးကို ဇူလိုင်လ ၅ ရက်၊ မနက် ၆ နာရီခန့်မှာလည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ(မဇင်)လေဆိပ်ကိုလည်း  ထိန်းချုပ်ထားနိုင်ပြီးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ULA/AA ရဲ့ မူလစစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသတစ်ခုလုံးမှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်း‌တွေ၊ နပခဌာနချုပ်‌တွေအားလုံးကို AA က တစ်ခုပြီးတစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်‌နေတယ်လို့ ဆိုထားပါတယ်။

 

ဒါကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီကမ်းခြေရှိရာ သံတွဲမြို့နဲ့ နခခ ၂ ၊ နခခ ၅ တည်ရှိရာ မောင်တောမြို့‌တွေမှာ တိုက်ပွဲ‌တွေဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

 

နောက်ပြီး စစ်ကောင်စီရဲ့ အ‌ရေးပါတဲ့ စခန်းကြီး‌တွေဖြစ်ကြတဲ့ အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ)ဌာနချုပ်နဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့ကို ဖြတ်တောက်ပိတ်ဆို့ ထားပြီး တချို့စခန်း‌များကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကာ တပြိုင်နက်တည်း စစ်ကောင်စီစခန်း တချို့ကိုလည်း တစ်ဝက်သိမ်းဆည်းထားပြီလို့ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – AA Info Desk