စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်ရေတက်လို့ မြစ်ကမ်းဘေးက နေအိမ်တွေထဲ ရေဝင်ရောက်လို့ အရေးပေါ်ပြောင်းရွှေ့နေရ

Author မင်းထက်
Categories
Published on Jul 08, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးက နေအိမ် ၇၀ ခန့် ရေဝင်ရောက်နေလို့ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံများထံမှ သိရပါတယ်။

 

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ် ရေဟာ ၁၁၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ပြီး ယင်းရေမှတ်သို့ ရောက်ရှိဖို့ ၂၈ စင်တီမီတာသာလိုတော့ကြောင်း စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ချက်အရ သိရပါတယ်။

“ရေက သုံးရက်လောက်ရှိပြီ ဝင်နေတာ။ မြစ်ဘေးက နေအိမ် ၇၀ လောက်ရှိပါတယ်။ လတ်တလော အခြေအနေထိကတော့ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နေပါတယ်။ ရွှေ့ပြောင်းတဲ့သူတွေကို  ကူညီကယ်ဆယ်ရေးစခန်းနှစ်ခုထားလုပ်ပေးထားပါတယ်” လို့ ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဒေသခံတွေအနေနဲ့ ရေပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေပြီး လတ်တလော ရေဝင်ရောက်နေတဲ့ဒေသခံတွေကို လက်ရှိအချိန်ထိ ရွှေ့ပြောင်းပေးနေရဆဲဖြစ်ကြောင်း ထုံးဘိုဒေသခံတစ်ဦးက ပြောပါတယ်။

 

“ရေဝင်တာတော့ အိမ်တွေက တော်တော်များတယ်။ ရှင်ပင်နံကိုင်းတို့၊ ပြဿဒ်ကြီး၊ ဘုရားကုန်းခြေတွေမှာ တဲလေးတွေထိုးပြီးနေကြရတာပေါ့။ ခုချိန်ထိ ရေဝင်တဲ့သူတွေ ရွှေ့ပြောင်းနေကြတယ်။ အစ်မတို့နေတဲ့နေရာအနားထိ ရောက်နေပြီ။ ခုကတော့ ပြင်ဆင်ထားတယ်။ အစ်မတို့လည်း ပြေးရတော့မှာ” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ဇူလိုင် လဆန်းပိုင်းထဲ ဧရာဝတီမြစ်ရေဟာ ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်အထက် ခြောက်ပေခွဲအထိမြင့်တက်ခဲ့လို့ တစ်မြို့လုံးနီးပါးရေကြီးခဲ့သလို အနီးနားက ဝိုင်းမော်နဲ့ ချီဖွေမြို့နယ်တို့မှာ ရေကြီးခဲ့ပါတယ်။

 

အဲဒီနောက် ဗန်းမော်၊ ကသာ၊ ရွှေကူ၊ မိုင်းကောင်းမြို့တို့အပြင် စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ခန္တီးမြို့တို့က ဧရာဝတီ၊ ချင်းတွင်း၊ နမ့်ယင်းနဲ့ နမ့်ကောင်းချောင်းတို့ မြင့်တက်မှုကြောင့် အဲဒီမြို့တွေမှာ ရေကြီးခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – ထုံးဘိုအရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့