တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေ ပုလဲမြို့ကို နာရီပိုင်း ထိန်းချုပ်နိုင်ခဲ့

Author အညာသား,မင်းထက်
Categories
Published on Jul 08, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဇူလိုင် ၇ ရက်က တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ပြီး မြို့ကို နှစ်နာရီကျော်ကြာ ထိန်းချုပ်နိုင်ခဲ့တယ်လို့  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဒီနေ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

 

PLA ရဲ့ အနောက်မြောက်စစ်ဒေသ-အမှတ်(​၈၁၅)တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)-Column 3 တပ်ရင်း ၁၄(ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ ဝင်များပူးပေါင်းပြီး ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်နေတဲ့ စုပေါင်းရုံးနဲ့ ရဲစခန်းနေရာနှစ်နေရာလုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ မတိုက်နိုင်ဘဲ လက်နက်ကြီးတွေနဲ့ပဲ အဝေးကနေလှမ်းထုတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဘက်က လက်နက်ကြီးကို ကောင်တာပြန်ပစ်ဖို့ ခဲယမ်းမလုံလောက်တာနဲ့ ပြန်ဆုတ်ပေးခဲ့လိုက်တယ်” လို့ PLA ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားချိန် သုံးနာရီကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ဘန်ကာတချို့ရရှိခဲ့သလို စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့အပြင် ပုလဲမြို့ကို  နှစ်နာရီကျော်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကို မြို့နယ်(ပအဖ)အဖွဲ့ထံသို့ အပ်နှံခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PLA