စစ်ကိုင်းမှာ စားဆီဝယ်ဖို့ မှတ်ပုံတင်အပြင် အိမ်ထောင်စုစာရင်း ပြရ၊ တစ်ပတ် တစ်ရက်သာ ဝယ်ခွင့်ရ

Author မင်းထက်
Categories
Published on Jul 06, 2024

ပဲ/နှမ်းဆီ ကိုယ်တိုင်ကြိတ်ရောင်းသူများတဲ့ စစ်ကိုင်းတိုင်းအတွင်း စားအုန်းဆီဝယ်ယူရဖို့ ခက်ခဲလာပြီး ဝယ်ယူလိုပါက မှတ်ပုံတင်သာမက အိမ်ထောင်စုစာရင်းပါ ပြသရတယ်လို့ ဝယ်ယူခဲ့ရသူများထံမှ သိရပါတယ်။

 

စစ်ကိုင်းမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂,၀ဝ၀ အထိ ဈေးပေါက်နေပြီး စားဆီ လိုအပ်သလောက် ဝယ်မရတဲ့ အခက်အခဲဖြင့် ကြုံနေရတယ်လို့  စားသုံးသူတွေက ပြောပါတယ်။

 

“ဆီတန်းရင် ပထမအနေနဲ့က ကြိုတင်စာရင်းပေးရတယ်။ လူတစ်ယောက်ကို မှတ်ပုံတင်ပါရင် တစ်ပိဿာ၊ အိမ်ထောင်စုဇယားပါရင် ငါးပိဿာလောက်ပေးတယ်။ တန်းရင် တစ်ပိဿာကို ၆၅၀ဝ နဲ့ ရတယ်။ ဆိုင်တွေမှာဝယ်ရင် ၁၂,၀ဝ၀ ရှိတယ်” လို့ စစ်ကိုင်းမြို့က စားအုန်းဆီတန်းစီ ဝယ်ယူခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆီဝယ်ယူရာမှာလည်း တစ်ပတ်လျှင် တစ်ရက်သာ တန်းစီဝယ်ယူခွင့်ရပြီး ရောင်းချပေးတဲ့နေ့ရဲ့ နံနက်ပိုင်းအတွင်းသာ သွားရောက်ဝယ်ယူမှ ရရှိတယ်လို့ သွားရောက်တန်းစီဝယ်ယူသူများထံမှ သိရပါတယ်။

 

ဒါ့အပြင် ပြင်ပဈေးကွက်အတွင်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒုက္ခခံတန်းစီဝယ်ယူနေရတယ်လို့ ၎င်းတို့က ပြောပါတယ်။

 

စစ်ကိုင်းမြို့မှာ ယခုနှစ် မေလအတွင်း ပြင်ပဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၈၀ဝ၀-၉၀ဝ၀ ခန့်မှ  ဇွန်လလယ်ပိုင်းခန့်အထိ တစ်ပိဿာ ကျပ် ၁၀,ဝ၀၀-၁၁,၀ဝ၀ အထိ ဝယ်ယူခဲ့ရပြီးနောက် လက်ရှိဈေးကွက်အတွင်း တစ်ပိဿာ ကျပ် ၁၂,၀ဝ၀-၁၃,၀ဝ၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကိုယ်စားလှယ်ဆိုင်များတွင်လည်း လိုသလောက် ဆီမရရှိတာကြောင့် ပြန်လည်ရောင်းချဖို့ အခက်အခဲတွေ့နေရတယ်လို့ စားအုန်းဆီလက်လီ ပြန်လည်ရောင်းချနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဆီက ကိုယ်စားလှယ်ဆိုင်တွေက ဝယ်ရပြီး တစ်ဆင့်ပြန်ရောင်းတာ။ အရင်က အချိန် ၁၀ ဆို ၁၀၊ ၂၀ ဆို ၂၀ ကိုယ်လိုသလောက်ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မှာတာဆို ၁၀ ပုံး တစ်ဝက်ပဲရတယ်။ စားဆီ ဝယ်လိုအားများပေမဲ့  လိုသလောက်မရဘူး” လို့  ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၈၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

 

စားအုန်းဆီ ပြင်ပလက်လီဈေးကွက်အတွင်း စစ်ကိုင်းအပါအဝင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ တစ်ပိဿာကို ၁၂,ဝ၀ဝ ကနေ ၁၄,ဝ၀ဝ ကျပ်ခန့်အထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

သတင်းနှင့် ဓာတ်ပုံ – မင်းထက်