အသည်းခွဲခံလိုက်ရတဲ့ အိမ်ရှင် ဂျာမနီနဲ့ ယူရိုပြိုင်ပွဲတွေကို လက်ပြနှုတ်ဆက်သွားပြီဖြစ်တဲ့ စီရော်နယ်ဒို  ဆီမီးဖိုင်နယ်မှာ စပိန်နဲ့ ပြင်သစ် ထိပ်တိုက်တွေ့

Author မောင်ရှမ်း
Categories
Published on Jul 06, 2024

ယူရို ၂၀၂၄ ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲက ၂ ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။ ယမန်နေ့ညနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာ စပိန်က အိမ်ရှင်ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို ပြင်သစ်ကလည်း ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ မနေ့ညက ပွဲပြီးအခြေအနေတွေကို CJ Platform က အကျဉ်းချုပ်ဖော်ပြအပ်ပါတယ်။

 

စပိန် ၂ – ၁ ဂျာမနီ

စပိန်နဲ့ ဂျာမနီပွဲစဉ်ကတော့ ပရိသတ်တွေမျှော်လင့်ခဲ့သလိုပဲ အကြိတ်အနယ်ရှိခဲ့ပြီး တကယ့်ကို ပွဲကောင်းတစ်ပွဲအသွင်ဆောင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးဟာ အမှားမခံဘဲ နည်းစနစ်ပိုင်းကို အားပြုကာ ယှဉ်ပြိုင်နေခဲ့ကြပြီး စပိန်ခံစစ်ဟာ ဂျာမနီတိုက်စစ်သမားတွေကို တစ်ဦးချင်းထိန်းချုပ်သွားနိုင်ခဲ့သလို ဂျာမနီကလည်း လိုအပ်လာရင် ဘောင်ထဲကနေ ခပ်ကြမ်းကြမ်းရှင်းထုတ်တဲ့ဟန်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ တိုနီခရူးစ်နဲ့ထိခိုက်မိရာကနေ စပိန်ကွင်းလယ်လူ ပတ်ဒရီ ဒဏ်ရာရရှိသွားခဲ့ပြီး အိုလမိုနဲ့ လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းမှာကတည်းက ဂိုးသွင်းခွင့်တွေရကြပေမဲ့ တကယ်တမ်းဂိုးရခဲ့ကြတာကတော့ ဒုတိယပိုင်းမှာပါ။

ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ ညာခြမ်းကနေ ယာမယ်လ်ခင်းပေးတဲ့ဘောလုံးကို အိုလမိုက အပိုင်ကန်သွင်းအဆုံးသတ်နိုင်ခဲ့ပြီး အိမ်ရှင်တို့ကို ဦးဆောင်လိုက်ပါတယ်။ ဂျာမနီနည်းပြ နာဂျယ်လ်မန်းစ်ဟာ ချေပဂိုးရဖို့အတွက် တိုက်စစ်သမားတွေကိုထည့်သွင်းကာ စပိန်ဘက်ကို တရစပ်ဖိအားပေးခဲ့ပါတယ်။ လိုအပ်နေတဲ့ချေပဂိုးဟာ ၈၉ မိနစ်အရောက်မှ ရရှိခဲ့ပြီး ကင်းမစ်ချ်ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို လူစားဝင်လာတဲ့ ဖလော်ရီယန် ဗက်ဇ်က ကန်သွင်းသွားခဲ့တာပါ။ မိနစ် ၉၀ အတွင်း တစ်ဂိုးစီသရေကျခဲ့လို အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရပါတယ်။

 

ပရိသတ်တွေအားလုံးက ပင်နယ်တီအထိ ရောက်မယ်လို့ ထင်နေရချိန် ပွဲပြီးဖို့ တစ်မိနစ်အလို ၁၁၉ မိနစ်အရောက်မှာတော့ လူစားဝင်လာတဲ့ မီကယ် မီရီနိုက လှပတဲ့ခေါင်းတိုက်ချက်နဲ့ အိမ်ရှင်အသင်းကို အသည်းခွဲလိုက်ပါတယ်။ ဒါကြောင့် စပိန်ဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ အိမ်ရှင်အသင်းတွေနဲ့တွေ့တိုင်း နောက်တစ်ဆင့်မတက်နိုင်တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ပွဲပြီးဆုံးခါနီးမှာ ကာဗာဂျယ် ၂ ဝါ ၁ နီထိသွားခဲ့လို့ ဆီမီးဖိုင်နယ်ကို လွဲချော်ရမှာဖြစ်သလို ပတ်ဒရီကလည်း ပြိုင်ပွဲတစ်ခုလုံးကို လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။

 

ပေါ်တူဂီ ၀-၀ (၃-၅) ပြင်သစ်

 

ပေါ်တူဂီနဲ့ ပြင်သစ်ပွဲစဉ်ကလည်း စိတ်လှုပ်ရှားမှုအပြည့်အ၀ပေးစွမ်းနိုင်ခဲ့ပြီး ပွဲစကတည်းက နှစ်သင်းလုံးရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပေါ်တူဂီဘက်က ရော်နယ်ဒို၊ ရာဖေးလ် လီယာအို၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့တွဲလုံးတွေနဲ့ ထိုးဖောက်ကန်သွင်းမှုတွေဟာ ဂိုးရလုနီးပါးအခြေအနေတွေဖြစ်ခဲ့ပေမဲ့ ပြင်သစ်နောက်တန်းမာကျောမှုနဲ့ ဂိုးကံခေမှုတွေကြောင့်သာ ကံဆိုးခဲ့တာပါ။

 

ပြင်သစ်ကလည်း အမ်ဘတ်ပေ၊ ဂရစ်ဇ်မန်း၊ မူအာနီတို့နဲ့ ပေါ်တူဂီခံစစ်ကြောင်းကို ဒုက္ခပေးခဲ့သလို ဒုတိယပိုင်းနဲ့ အချိန်ပိုမိနစ်တွေမှာလည်း မားကပ်စ်သူရမ်၊ ဒမ်ဘီလီနဲ့ ဖိုဖာနာတို့ရဲ့ ရင်ခုန်ဖွယ်ရာ တိုက်စစ်ကို ခံစားခဲ့ရပါတယ်။ နှစ်သင်းလုံးဟာ ဂိုးရနိုင်ခြေ ၃ ကြိမ်ထက်မနည်းတဲ့ အခွင့်အရေးတွေဖော်ဆောင်နိုင်ခဲ့ကြပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ကြလို့ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်းသရေကျခဲ့တာပါ။ အချိန်ပိုမိနစ် ၃၀ ဆက်ကစားရာမှာလည်း မထူးခြားခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပြင်သစ်ဘက်က ဒမ်ဘီလီ၊ ဖိုဖာနာ၊ ခွန်ဒေ၊ ဘာကိုလာ၊ သီယို ဟာနန်ဒက်ဇ်တို့ ၅ ယောက်လုံးက အမှားအယွင်းမရှိအောင် ကန်သွင်းနိုင်ခဲ့ပေမဲ့ ပေါ်တူဂီဘက်က ရော်နယ်ဒို၊ ဘာနာဒိုနဲ့ နူနို မန်ဒက်စ်တို့ ဂိုးဝင်ခဲ့ပေမဲ့ ဂျာအိုဖီးလစ်ရဲ့ကန်ချက်ဟာ တိုင်ထိထွက်သွားခဲ့လို့ ပေါ်တူဂီတို့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

 

ပြင်သစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဂျာမနီကိုကျော်ဖြတ်လာတဲ့ စပိန်နဲ့ ရင်ဆိုင်ရမှာပါ။ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

 

ဓာတ်ပုံ – UEFA EURO 2024%

 

Related News

Depend on news