စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ကြားက မန္တလေးမှာ တစ်ရက်တည်း ဘဏ်နှစ်ခု ဓားပြတိုက်ခံရ

Author အညာသား
Categories
Published on Jul 05, 2024

မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင် ၅ ရက်မှာ CB ဘဏ်နဲ့ Agency အသေးစားဘဏ်တို့ တစ်ရက်တည်း ဓားပြတိုက်ခံရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းရှိ CB ဘဏ်နဲ့ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ ၂၆ ဘီလမ်းနဲ့ မြို့ပတ်လမ်းထောင့်ရှိ Denko(နန်းဦးလွင်)ဆီဆိုင်အတွင်းရှိ Agency အသေးစားဘဏ်တွေဖြစ်တယ်လို့ သိရပါတယ်။

 

“ပုသိမ်ကြီး နန်းဦးလွင် Denko ဆိုင်နေရာက မြို့ရဲ့ အရှေ့မြောက်ထောင့်အဝင်အထွက်နေရာဖြစ်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ဂိတ်ချစစ်တယ်။ သူတို့တွေမရှိလည်း မော်တော်ပီကယ်နဲ့ ရဲကတော့ အမြဲရှိတယ်။ အဲဒီလိုကြားကနေ ဓားပြတိုက်မှုဖြစ်သွားတာပဲ” လို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

Agency အသေးစားဘဏ်ကို ဒီနေ့ နေ့လယ် ၁၂ နာရီခန့်က ဆိုင်ကယ်သုံးစီးနဲ့ မောင်းနှင်လာတဲ့ အမျိုးသားခြောက်ဦးခန့်က သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်း ၆၀၀ ခန့်ကို ယူဆောင်သွားတယ်လို့ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြထားကြပါတယ်။ ဒါပေမဲ့ CB ဘဏ် ဓားပြတိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်ဆေးဆဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

 

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေမှာတော့ Agency အသေးစားဘဏ်ကို PDF ခြောက်ဦးက ဓားပြတိုက်သွားတယ်လို့ ဝါဒဖြန့်နေကြပါတယ်။

 

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လများအတွင်းက ရွှေဆိုင်ဓားပြတိုက်မှုများ၊ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။

 

လက်တလောမှာ ရှမ်းမြောက်ရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး-မိုးကုတ်လမ်းပိုင်း မတ္တရာဒေသတွေမှာ စခန်းသိမ်းတိုက်ပွဲတွေပြင်းထန်နေပြီး ပုသိမ်ကြီးမြို့နယ်အစပ်ထိ တိုက်ပွဲတွေ ဖြစ်ပေါ်လာတာကြောင့် မန္တလေးမြို့ကို စစ်မီးမကူးစက်အောင် စစ်ကောင်စီဟာ မြို့အဝင်အထွက်နေရာ တွေကို စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

 

ရုပ်သံ-လူမှုကွန်ရက်