ရေဦးက စစ်ကောင်စီတပ်တွေ ခံစစ်ပြင်နေ၊ ညစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိ

Author မင်းထက်
Categories
Published on Jul 05, 2024

မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်ထဲက တပ်စခန်းများသိမ်းပိုက်ခံရပြီးနောက် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ထဲက စစ်ကောင်စီတပ်များ ခံစစ်ပြင်ဆင်နေတဲ့အပြင် ညစဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်များထံမှ သိရပါတယ်။

 

“စဉ့်ကူး၊ မတ္တရာဘက်တွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နေပြီး မိုးကုတ်ကိုလည်း ကျပ်ပြင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီ။ အင်းတော်ကြီးဘက်မှာလည်း တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်တာတွေ နေ့စဉ်ပြုလုပ်နေတော့  ရေဦးမြို့ကိုလည်း ဝင်တိုက်မှာ စိုးရိမ်နေကြတဲ့အနေအထားမှာရှိတယ်” လို့ ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်များ ညတိုင်းကြောက်လန့်ပြီး လက်နက်ကြီးနဲ့ ညစဉ် ပြည်သူတွေနေထိုင်ရာ ရေဦးမြို့ မြောက်၊ တောင်နဲ့ အနောက်ဘက်ခြမ်းရှိ ရွာတွေကို အကြောင်းမဲ့သက်သက်ပစ်ခတ်နေတယ်လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ရေဦးမြို့ တောင်ဘက်အထွက် စိုက်ခင်းဘက်များတွင်လည်း ကင်းပုန်းတွေ ဖြန့်ဝပ်နေသလို ဂါဝီပန်းခြံဘက်၌ ဘန်ကာစင်တွေထိုးပြီး ခံစစ်ပုံစံမျိုးပြုလုပ်နေတယ်လို့ ၎င်းရဲဘော်က ဆိုပါတယ်။

 

တဖန် ရေဦးမြို့ပေါ် မှာလည်း အစစ်အဆေးတွေ တင်းကျပ်နေပြီး ဈေးသွားဈေးလာတွေကို ရှောင်တခင် မှတ်ပုံတင်စစ်ဆေးတာမျိုးတွေအထိ ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရပါတယ်။

 

ဒါ့အပြင် အရပ်သားများနေထိုင်တဲ့ကျေးရွာတွေထဲ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေအပြင် ကျွဲနွားတိရစ္ဆာန်တချို့သေဆုံးမှုရှိသလို နေအိမ်များလည်း ထိခိုက်ပျက်စီးဆုံးရှုံးနေရတယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

ဇူလိုင် ၄ ရက်နေ့က ညပိုင်းက ရေဦးမြို့ မြောက်ခြမ်းတွင် မြို့တိုင်းရင်းဆေးရုံရှိ အထိုင်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ လေးရွာသာစည်ရပ်ကွက်ထဲက နေအိမ်တစ်လုံးထဲ ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

“နေအိမ်ကွင်းထဲက ကျွဲခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်။ ပေါက်ကွဲချိန် မအေးစိုးက ကျွဲတွေကို နေရာရွေ့ပြောင်းလုပ်ဆောင်နေချိန်ဖြစ်တာကြောင့် ထိမှန်သေဆုံးခဲ့ရတာလို့ သိရတယ်။ ကျွဲတစ်ကောင်ပါ ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်ဗျ” လို့​ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

 

ဇွန်လ ၁၇ ရက်နေ့တုန်းကလည်း ရေဦးမြို့တိုင်းရင်းဆေးရုံအထိုင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖိန်းကားရွာအနီး စူပါဖိုက် ဆန်စက်ရှိ အလုပ်သမား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲဒီအထိုင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အတွင်း အရပ်သားသေဆုံးသူ သုံးဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – People’s Defense Comrade