မတူပီတိုက်ပွဲထဲ စစ်တပ်ရဲ့ လူသားဒိုင်းလုပ်ခံခဲ့ရတဲ့ နိုင်/ကျဉ်း ၁၃ ဦး လွတ်မြောက်၊ ကျန် ၇ ဦးကို CDF-Matupi ဆက်ရှာနေ

Author ဆလိုင်း
Categories
Published on Jul 04, 2024

ချင်းပြည်၊ မတူပီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းပြုလုပ်ခဲ့တဲ့အထဲက နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်အောင် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(မတူပီ)၊ တပ်မဟာ ၁ က ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

၎င်းတို့ဟာ စစ်တပ်အာဏာသိမ်းပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ကြတယ်လို့ CDF(မတူပီ) တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်တပ်က တိုက်ပွဲတွင်းမှာ အကျဉ်းသားတွေကို Cover ယူပြီး စစ်တိုက်တာပါ။ တိုက်ပွဲက ပြင်းထန်ပြီး အထိနာများတဲ့ စစ်တပ်ဟာ ကစဉ့်ကလျားဖြစ်နေတုန်း အကျဉ်းသားတွေက ထွက်ပြေးကြတာ။ ကျွန်တော်တို့ကလည်း ထွက်ပြေးတဲ့ အကျဉ်သားတွေကို ရှာဖွေကယ်ထုတ်ခဲ့တာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

လွတ်မြောက်လာတဲ့ နိုင်/ကျဉ်း ၁၃ ဦးထဲ အမျိုးသမီး တစ်ဦးလည်း ပါဝင်ပြီး နောက်ထပ် ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးကိုလည်း ရှာဖွေနေတယ်လို့ ၎င်းက ဆိုပါတယ်။

 

အဲဒီ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲ CDM ဝန်ထမ်းတွေ၊ ဓမ္မအမှုတော်ဆောင်တွေ ပါဝင်သလို အသက်မပြည့်သေးတဲ့ကလေးလည်း ပါဝင်ပြီး အဲဒီထဲက အကျဉ်းသားတချို့ဟာ ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့သူတွေလည်း ပါဝင်နေပါတယ်။

 

မတူပီ မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာ မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ- CDF-Matupi

 

ပုံစာ – လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ရစဉ်