မန်းတိုင်းထဲ မတ္တရာအပြင် စဉ့်ကူးမှာပါ တပ်စခန်းခြောက်ခု မန်း PDF ထပ်သိမ်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး မန်းနဲ့ ရှမ်းက မြို့ရှစ်ခုအထိ ကျယ်ပြန့်လာ

Author ကိုထားဝယ်
Categories
Published on Jul 03, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်းခြောက်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒီနေ့ ဇူလိုင် ၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

မနေ့ကပဲ မတ္တရာနယ်ထဲ တပ်စခန်း ရှစ်ခုသိမ်းထားတယ်လို့ မန်း PDF က ထုတ်ပြန်ထားတာပါ။

 

ဒီနေ့ညနေမှာတော့ စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ၊ နမ့်ဟပ်ရွာ၊ မာလဲဆည်ရှင်းလင်းဆောင်၊ ရွှေမာလဲစေတီ၊ ရွာတော်လေး စတဲ့တပ်စခန်းတွေနဲ့ နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း ၁၃ ဦးခန့်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲများထဲ စဉ့်ကူးမြို့နယ် ပကဖကလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်တွေမှာ ပံ့ပိုးကူညီပေးနေတယ်လို့ Mdy PDF ထုတ်ပြန်ချက်အရ သိရပါတယ်။

မန်း PDF အနေနဲ့  ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ နဲ့အတူ စဉ့်ကူးမြို့နယ်မှာလည်း သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

 

မနေ့ ဇူလိုင် ၂ ရက်က ခုနစ်ရက်အတွင်း မတ္တရာမြို့နယ်ထဲက (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်သော မြေနီတောင် စတဲ့ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် စစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံစစ်သား ၆၄ ဦး ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၎င်းတို့ရဲ့ တပ်မိသားစုဝင် စုစုပေါင်း ၁၁၇ ဦးခန့်တို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

 

အလားတူ အဲဒီတိုက်ပွဲတွေကနေ‌ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကို ဇွန်လ ၂၅ ရက်နေ့ကစပြီး တအောင်းတပ် TNLA နဲ့အတူ မန်း PDF အပါအဝင် ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ် တို့အပြင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တွေမှာပါ တိုက်ခိုက်နေကြတာပါ။

 

ဒါပေမဲ့ ဇူလိုင် ၂ ရက်မှာတော့ ရှမ်းမြောက်၊ လားရှိုးမြို့နယ်မှာ ကိုးကန့်တပ် MNDAA က စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် မန်း PDF က မန္တလေးတိုင်း၊ စဉ့်ကူးမြို့တို့မှာပါ စခန်းတွေ သိမ်းနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။

 

ဒါကြောင့် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက မြို့နယ် ရှစ်ခုအထိ ကျယ်ပြန့်လာပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – Mdy PDF