စက်တင်ဘာလအတွင်း KNUနှင့် ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီက တပ်ရင်းမှူးတစ်ဦးအပါအဝင် ၈၃ဦးသေဆုံး

Author မွန်လေး
Categories
Published on Oct 06, 2022

စက်တင်ဘာလအတွင်း KNUနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု ၇၁ကြိမ်ထိရှိခဲ့ပြီး စစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၈၃ ဦးသေဆုံးခဲ့ကြောင်း KNUက ယနေ့ထုတ်ပြန်ထားသည်။

ညောင်လေးပင် ခရိုင်၊ တပ်မဟာ (၃) နယ်မြေများအတွင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များမှ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်လျက်ရှိပြီး တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃) တို့နှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

စက်တင်ဘာလအတွင်း KNU တပ်မဟာ ၃နှင့် တိုက်ပွဲများတွင် စစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၃ ဦးသေဆုံးပြီး ၈၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တိုင်းပြည်နှင့်လူမျိုးအတွက် (၃) ဦး အသက်စွန့်ခဲ့ရပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် ပြည်သူများနေထိုင်ရာရွာသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် လေကြောင်းမှလည်း ၃ကြိမ်တိုင် ပြည်သူများကိုတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် စက်တင်ဘာလအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး အသက်ဆုံးရှုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရွာသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။