ရှမ်းမြောက် လေးမြို့နယ်မှာ တစ်ရက်တည်း အရပ်သား ၁၁ ဦးသေဆုံး၊ လေးရက်အတွင်း ၂၀ ထက်မနည်းသေဆုံး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်က တိမ်းရှောင်သူ သောင်းချီရှိလာ

Author ကိုထားဝယ်
Categories
Published on Jun 29, 2024

ရှမ်းမြောက်ရှိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ ‌မိုးမိတ်မြို့နယ်တို့မှာ မနေ့ ဇွန် ၂၈ ရက် တစ်ရက်တည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတို့ကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ ကျောက်မဲမြို့  နယ်မြေ  ၈ မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မယ်သီလရှင်တစ်ပါး အပါအဝင် အမျိုးသမီးသမီး လေးဦး၊ အမျိုးသား နှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ရပ်ကွက် ၂ ရှိ နေအိမ်(၄)လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းမှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဉယျာဉ်ကျောင်းအတွင်းရှိ ကိုရင် ငါးပါးကျည်စထိမှန်ခဲ့တဲ့အနက် ကိုရင် တစ်ပါးပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီမြို့နယ် လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနဲ့ ကလေးငယ်တစ်ဉီးသေဆုံးတဲ့အပြင် မိုးကုတ် အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီမြို့နယ် လေးခုမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၇ ရက်နေ့မှာလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦး ထိမှန်ဒဏ်ရာရပြီး နောင်ချိုမြို့မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၆ ရက်နေ့တုန်းက ကျောက်မဲမြို့မှာ စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား လေးဦးသေဆုံးတဲ့အပြင် ၁၅ ဦးဒဏ်ရာရခဲ့ကာ ဇွန်လ ၂၅ ရက်နေ့မှာတော့ ဒေသခံ နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဇွန် ၂၅ မှ ၂၈ ရက်အထိ စစ်ဆင်ရေး လေးရက်တာကာလအတွင်း ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တို့မှာ အရပ်သား စုစုပေါင်း ၂၀ ထက်မနည်းသေဆုံးခဲ့ရသလို ၃၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အဲဒီလို TNLA/MDY PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ဇွန် ၂၅ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့က ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ PSLF/TNLA က ပြောပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA