စစ်ကောင်စီရဲ့ ပထမဆုံး စစ်မှုထမ်းသင်တန်း ဆင်း

Author ကိုထားဝယ်
Categories
Published on Jun 29, 2024

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာအတည်ပြုပြီးနောက် ဧပြီလ ပထမပတ်ထဲ စခေါ်ခဲ့တဲ့ ပထမဆုံးစစ်မှုထမ်းသင်တန်းက သင်တန်းသားတွေ မနေ့ ဇွန် ၂၈ ရက်မှာ သင်တန်းသုံးလပြည့်သွားလို့ ဆင်းပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီဘက်ကတော့ မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

 

ဒီဥပဒေကြောင့် လူငယ်လူရွယ်တွေအပြင် မိဘပြည်သူတွေပါမကျန် စိတ်မချမ်းမြေ့ဖြစ်နေပေမဲ့ စစ်ကောင်စီဘက်ကတော့ မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းတဲ့စစ်သင်တန်းလို့ အလေးပေးပြောပါတယ်။

 

နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်မယ့်သူတွေလို့ အဓမ္မစစ်သားအဖြစ်စုဆောင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်ကောင်စီဘက်က ရည်ညွှန်းပြောဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ပထမဆုံးစစ်မှုထမ်းသင်တန်းကို ယခုနှစ်၊ ဧပြီ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး သုံးလတာ သင်တန်းအတွင်း တိုက်ခိုက်ရေးနဲ့ စစ်ရေးနည်းဗျူဟာ ချမှတ်ရေးတွေအပြင် အင်ဂျင်နီယာဘာသာရပ်နဲ့ စစ်မြေပြင်အုပ်ချုပ်ရေးတွေအထိ သင်ကြားပေးခဲ့တယ်လို့ စစ်ကောင်စီအပြောအရ သိရပါတယ်။

 

အဲဒီမှာ စစ်သင်တန်းသားတစ်ဦးရဲ့အပြောဆိုပြီး စစ်ကောင်စီဝါဒဖြန့်သတင်းစာထဲ အခုလိုရေးသားထားပါတယ်။

 

“စစ်သင်တန်း ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်အခုဆိုရင် ပြည်သူ့စစ်မှုထမ်းရဲ့ အဆင့်မြင့် အခြေခံစစ်ပညာတွေ အကုန်လုံးကို တတ်မြောက်ပြီးသွားပါပြီ။ ကျွန်တော်တို့ ၂ နှစ်တာ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း အကောင်းဆုံးပေးဆပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ” လို့ ထည့်သွင်းရေးသားထားတာတွေ့ရပါတယ်။

 

ဒီစစ်သင်တန်းကို သင်တန်းသား ငါးထောင်ခန့်ခေါ်ယူခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောကြားထားခဲ့လို့ ဒီလူငယ်လူရွယ်တွေ သင်တန်းပြီးသွားလို့  ၂ နှစ်တာ တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

 

လက်ရှိ စစ်ကောင်စီက အပတ်စဉ် ၂ ကို ဒီနှစ် မေလ ၁၄ ရက်နေ့က စသင်တန်းပေးခဲ့ပြီး အပတ်စဉ် ၃ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – MOI