၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့ ဂုတ်တွင်းနဲ့ သီပေါမှာပါ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်ဖြစ်၊ နောင်ချိုမှာ ဓနုတပ်လည်း ပူးပေါင်းတိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Jun 28, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့ ဇွန်လ ၂၈ ရက် ဒီနေ့မှာ TNLA/MDY PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတို့ သီပေါမြို့နဲ့ ဂုတ်တွင်းအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာတယ်လို့ တအောင်းတပ် TNLA ရဲ့  ညပိုင်း တစ်ရက်တာ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

တော်လှန်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းအားပြု ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

TNLA အနေနဲ့ နောင်ချိုမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ခမရ ၆၀၆ တပ်စခန်းတစ်ခုသာကျန်ရှိနေပြီး ယင်းတပ်စခန်းကို TNLA/MDY PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLA)လည်း ပူးပေါင်း တိုက်ခိုက်နေတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ကျောက်မဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၀၁) ၊ ခမရ (၅၀၂) တပ်စခန်းတွေကို TNLA/MDY PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဂုတ်တွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း (၂) ခုကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။

ခမရ ၁၁၄ ကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

 

မနေ့က ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြို့နယ်တွေနဲ့ မန္တလေးတိုင်းက မတ္တရာ၊ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ရာမှ ဒီနေ့မှာတော့ ကျောက်မဲနဲ့ နောင်ချိုကြားက ရှမ်းမြောက်မှ မန္တလေး-ရန်ကုန်တို့ကို အဓိကကုန်သွယ်ရေးလမ်းကြောင်း ဂုတ်တွင်းနဲ့ လားရှိုးအဆက်က သီပေါမြို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

 

စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့်ကြားမှ ဇွန်လ (၂၇) ရက် ယမန်နေ့က ကျောက်မဲမြို့နယ်ရှိ နောင်ပြစ်ရွာလမ်းခွဲမှ စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ခဲ့တဲ့အပြင် ဇွန်လ (၂၆) ရက်နေ့က သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၅) မှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများစွာကို ဒီနေ့မနက်မှာ PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ဖော်ပြသထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA