မြန်မာကို စက်သုံးဆီ မှောင်ခိုမရောင်းချဖို့ အိန္ဒိယ ခရိုင်အစိုးရ အမိန့်ထုတ်

Author ဆလိုင်း
Categories
Published on Jun 28, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်ကို ဒီဇယ်နဲ့ ဓာတ်ဆီတွေ မှောင်ခိုတင်သွင်း မရောင်းချဖို့အတွက် လုံလေခရိုင် မြို့ပြထောက်ပံ့ရေး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

 

မီဇိုရမ်ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လုံလေမြို့က စက်သုံးဆီအရောင်းဆိုင်တွေကနေ ပြည်သူတချို့ဟာ လီတာပေါင်းများစွာ ဝယ်ယူပြီး မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်သွင်းရောင်းချနေတယ်လို့ ယင်းထုတ်ပြန်ချက်က ဆိုပါတယ်။

 

ပြည်သူတွေအနေနဲ့ လုံလေမြို့က စက်သုံးဆီအရောင်းဆိုင်တွေထံမှ ဝယ်ယူပြီး မြန်မာပြည်ဘက်ကို မှောင်ခိုရောင်းချခြင်း ထပ်မပြုလုပ်ဖို့ လုံလေခရိုင် အစိုးရအဖွဲ့က ထုတ်ပြန်တာဖြစ်ပါတယ်။

 

ဒါ့အပြင် စက်သုံးဆီ မှောင်ခိုရောင်းချမှုတွေကြောင့် ပြည်သူတွေ အခက်အခဲကြုံလာပါက စက်သုံးဆီအရောင်းဆိုင်တွေမှာ အလုပ်လုပ်တဲ့သူတွေက တာဝန်ယူ၊ တာဝန်ခံရမယ်လို့ ဆိုပါတယ်။

 

မှောင်ခိုစျေးကွက်နဲ့ မြန်မာဘက်ကို ပြန်ရောင်းဖို့အထိ အများအပြားဝယ်ယူနေသူတွေကို ပေးမရောင်းဖို့အတွက်လည်း ဆိုထားပါတယ်။

 

မီဇိုရမ်ပြည်နယ်မှ မြန်မာပြည်ဘက်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေထဲမှာ စက်သုံးဆီက အများဆုံးဖြစ်တယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ကိုခူမီးက CJ Platform သို့ ပြောပါတယ်။

 

“ပလက်ဝ-မီဇိုရမ် လမ်းကြောင်းကနေ အဓိက တင်သွင်းတဲ့ထဲမှာ ဓာတ်ဆီနဲ့ ဒီဇယ်တွေဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ပလက်ဝ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့တွေမှာ ပိုက်ဆံရှိလည်း ဓာတ်ဆီ၊ ဒီဇယ်တွေက ဝယ်လို့မရတဲ့ အခြေအနေမျိုးတွေရှိတယ်။ အခုနောက်ပိုင်း နှစ်နိုင်ငံ ဒေသခံတွေ နားလည်မှုနဲ့ ခွင့်ပြုထားတဲ့ ပလက်ဝ-မီဇိုရမ် နယ်စပ်လမ်းကြောင်းဖွင့်မှ ဓာတ်ဆီ၊ ဒီဇယ်တွေ အသုံးပြုလို့ရတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

လုံလေမြို့ကနေ မြန်မာဘက်ကို စက်သုံးဆီတွေ အလုံးအရင်းနဲ့ တင်သွင်းနေတာဟာ ယခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေးလမ်းကြောင်းကို မီဇိုရမ်ဒေသတွင်း အရပ်ဘက်လူငယ်အဖွဲ့စည်းဖြစ်တဲ့ ဗဟိုလူငယ်လိုင်အဖွဲ့စည်းက ပိတ်လိုက်ပါတယ်။ ဒါကြောင့် ကုန်တင်ကား အစီးရေ ၁၀၀ ကျော်ပိတ်မိနေပြီး ကုန်ပစ္စည်းတွေကို အဲဒီလူငယ်အဖွဲ့ထုတ်ယူခွင့်မပြုဘူးလို့ မြန်မာကုန်သည်တွေက ဆိုပါတယ်။

 

ဓာတ်ပုံ – CJ