ရန်ကုန်မှာ စားဆီ ဝယ်မရလို့ ဆင်ခြေဖုံးရပ်ကွက်များရှိ ထမင်းဟင်းဆိုင်နဲ့ အကြော်ဆိုင်တွေ ပိတ်သိမ်း

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Jun 28, 2024

ရန်ကုန်မှာ စားသုံးဆီပြတ်လတ်ပြီး ဝယ်မရလို့ ဆင်ခြေဖုံးမြို့နယ်ရပ်ကွက်များရှိ ထမင်းဟင်းဆိုင်နဲ့ အကြော်ဆိုင်တွေေ ပိတ်သိမ်းရတဲ့အထိ အခက်ကြုံလာကြောင်း ထမင်းဟင်းအရောင်းဆိုင်များထံမှ သိရပါတယ်။

 

စားဆီခွဲတမ်းမှာ ယခင်ကလို အရောင်းဆိုင်တွေကို သီးသန့်ခွဲမရောင်းဘဲ အိမ်ထောင်စုများရောင်းပေးသလိုသာ ရတာကြောင့် ဟင်းလျာချက်ပြုတ်မရောင်းနိုသလို အကြော်ဆိုင်တွေဖြစ်တဲ့ အကြော်စုံနဲ့ အီကြာကွေး၊ စမူဆာ၊ ပလာတာဆိုင်တွေ မထွက်နိုင်ဘူးဖြစ်နေတယ်လို့ သိရပါတယ်။

 

“ဆီက တစ်ခါဝယ်ရမှ ၅၀ သားလေ။ ပြီးတော့ နေ့တိုင်းလည်းရတာမဟုတ်ဘူး။ စားဖို့ကိုမရမက လိုက်ရှာနေရတာ။ ဘယ်မှာရောင်းပေးလဲဆိုတာကို။ ထမင်းဟင်းဆိုင်ဆို မဖွင့်ရတာက များနေတယ်” လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်ထဲ ထမင်းဟင်းဆိုင်ဖွင့်ထားသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆီတိုးသူများမှ အပြင်ဈေးဖြင့် တစ်ခါတစ်ရံ လာရောက်ရောင်းပေးလို့ ဆီရပါက ဆိုင်ဖွင့်နိုင်ပေမဲ့ ယခင်ကလိုတော့ ဝေဝေဆာဆာမချက်ပြုတ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

“အစ်မတို့ မဖွင့်နိုင်တာ ရက်ပိုင်းကြာသွားပြီ။ ဆီတွေ မရလို့ပါ” လို့ ရွှေပြည်သာမြို့နယ်ထဲ အကြော်စုံဆိုင်ဖွင့်ရောင်းနေသူ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မုဆိုးမတစ်ဦးဖြစ်တဲ့ သူမဟာ အကြော်ဆိုင်ဖွင့်ပြီး မိသားစုဝမ်းရေးနဲ့ သားနှစ်ယောက် ကျောင်းထားနိုင်ရေး ရုန်းကန်နေရသူဖြစ်ပါတယ်။ စားဆီမရလို့ အကြော်ဆိုင်မဖွင့်နိုင်ဘဲ အခက်ကြုံနေရတယ်လို့ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ အကြော်သည်အမျိုးသမီးကြီးက ပြောပါတယ်။

 

လက်ရှိ ဆီတန်းစီ ဝယ်ယူနရာမှာလည်း မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြနေရပြီး နေ့တိုင်းလည်း ဝယ်မရသလို စစ်ကောင်စီသတ်မှတ်ဈေးထက် ဈေးကြီးပေးကာ ဆိုင်ဖွင့်နိုင်ရေး ဝယ်ယူနေရတယ်လို့ တောင်ဒဂုံမြို့နယ်မှာ အကြော်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်မတို့က ဒီအကြော်ဆိုင်လေးပုံမှန်ရောင်းမှ မိသားစုစားဝတ်နေရေးက ပြေလည်တာလေ။ အခု ဆီက ဝယ်ရတာ အရင်လိုဆိုင်တွေမှာ ပေါ်ပေါ်ထင်ထင်ကိုသွားဝယ်လို့မရတော့ဘူး။ ဆိုင်တွေကိုကလည်း မရောင်းရဲဘူး။ သူတို့လူကြီးကိုယ်တိုင် ၅၀ သားစီပဲ ပိုရောင်းလို့မရအောင်လာလုပ်ပေးတာပါ။ ပြီးတော့ နေ့တိုင်းလည်း မရဘူး” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ စစ်ကောင်စီက စားဆီတစ်ပိဿာ ၅၄၀၀ ကျပ်သတ်မှတ်ထားပြီး ရန်ကုန်မြို့ ပြင်ပ စားဆီဈေးကွက်ထဲ တစ်ပိဿာကို ကျပ် ၈၀၀၀ မှ ၁၄,၀၀၀ အထိဈေးရှိနေပေမဲ့ ဝယ်ယူရခက်ခဲနေတယ်လို့ စားသုံးသူများထံမှ သိရပါတယ်။

 

“ဆီက သူများတွေ ခက်ခဲနေတုန်းကတောင် ဒီဘက်မှာ အဲဒီလောက် မခက်သေးဘူး။ အခုတော့ မရတော့ဘူး။ သူများတွေလို ဖြစ်နေပြီ။ တစ်နေ့တစ်နေ့ ဆီဘယ်မှာရလဲဆိုတဲ့သတင်းကိုပဲ လိုက်စုံစမ်းနေရတယ်။ အခု ဆီ ၅၀ သားလောက်ရဖို့ လေးငါးရက်တစ်ခါမှ ရတာများတယ်” လို့ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မှာ စားသုံးဆီပြဿနာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေပြီး နေ့စဉ်ရပ်ကွက်များအတွင်း အမျိုးသမီးများသာမက အမျိုးသားတချို့ပါ ဆီဘူးကိုင်ကာ ဆီရောင်းပေးရာဆီ လိုက်လံစုံစမ်းမေးမြန်းဝယ်ယူနေရတဲ့ အခြေအနေစိုက်နေပြီလို့ မြို့ခံများထံမှ သိရပါတယ်။

 

စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာတစ်ကြိမ်၊ ယခုသုံးကြိမ်မြောက်အဖြစ် ယခုနှစ် မေလနှောင်းပိုင်းကစပြီး စားအုန်းဆီတန်းစီဝယ်ယူခဲ့ရတဲ့အခြေအနေတွေ နိုင်ငံတဝန်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။

 

ဓာတ်ပုံ-ပေးပို့