ရေးမြို့နယ်တွင် အရှည် ၁၂တောင်ခန့်ရှိ ဝေလငါးမန်းတစ်ကောင် သောင်တင်

Author မွန်လေး
Categories
Published on Oct 05, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အရှည် ၁၂တောင်ခန့်ရှိ ဝေလငါးမန်းတစ်ကောင် သောင်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝေလငါးမန်းသည် အောက်တိုဘာ ၄ရက် နေ့လယ် ၁၁နာရီတွင် ရေးမြို့နယ် သဲခုံကျေးရွာအနီးရှိ သဲသောင်ပြင်တွင် လာရောက်သောင်တင်ခဲ့ပြီး ဒေသခံများ ပူးပေါင်းကူညီမှုကြောင့် ယင်းနေ့ ညနေခင်း၌ ပင်လယ်ပြင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ဝေလငါးမန်းများသည် တနင်္သာရီကမ်းရိုးတန်းတွင် မကြာခဏ သောင်တင်လေ့ရှိပြီး ရခိုင်ကမ်းရိုးတန်းတွင်လည်း သောင်တင့်လေ့ရှိသည်။

ကမ္ဘာ့အကြီးဆုံး ငါးမန်းမျိုးစိတ် ငါးမျိုးရှိပြီး ဝေလငါးမန်း၊ Basking ငါးမန်း၊ Megamout ငါးမန်း၊ ကျားငါးမန်းနှင့် Greenland ငါးမန်းတို့ဖြစ်ပြီး ဝေလငါးမန်းသည် အကြီးဆုံးငါးမန်းမျိုးစိတ်ဖြစ်ကာ အရှည် ၅၅ပေအထိရှိနိုင်ကာ သာမန် ဝေလငါးမန်းတစ်ကောင်၏ အလေးချိန်သည် ၃၃တန်အထိရှိသည်။

ဝေလငါးမန်းများကို မြိတ်ဒေသတွင် ဝစီပြောက်ငါးအဖြစ်ခေါ်ဝေါပြီး ၎င်းသတ္တဝါသည် အပူပိုင်းသမုဒ္ဒရာ၌ ကျက်စားကာ အသက်၇၀အထိရှင်သန်သော်လည်း ဖမ်းဆီးမှုများပြားသောကြောင့် အကောင်ရေအလွန်နည်းပါးလာနေပြီဖြစ်ကာ မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်ဖြစ်သည်။