ခမရ ၃၀၄ တပ်ရင်းကို သိမ်းလိုက်ပြီးနောက် Operation CB ရဲ့ မတူပီမြို့သိမ်းနိုင်ရေး နီးစပ်လာ

Author လဂွန်းအိမ်
Categories
Published on Jun 19, 2024

ချင်းပြည်(တောင်ပိုင်း)၊ မတူပီမြို့ရှိ စစ်ကောင်စီရဲ့ အဓိကတပ်စခန်းထဲကတစ်ခုဖြစ်တဲ့ ခမရ ၃၀၄ တပ်ရင်းကို Operation CB ကနေ ထပ်မံသိမ်းပိုက်လိုက်နိုင်တဲ့အတွက် မတူပီမြို့သိမ်းနိုင်ရေး ပိုမိုနီးစပ်လာခဲ့ပြီဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ထံမှ သိရပါတယ်။

ချင်းညီနောင်အဖွဲ့နဲ့အတူ အာရက္ခတပ်တော် AA နဲ့ Yaw Army(YA)တို့ရဲ့ ချင်းညီနောင်စစ်ဆင်ရေး(Operation CB)ကနေ ဇွန်လ ၉ ရက်နေ့ကနေ ခမရ ၃၀၄ တပ်ရင်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်နေ့မှာ အပြီးသတ်သိမ်းလိုက်နိုင်တာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့မှ မနေ့ဇွန် ၁၈ ရက်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို တော်လှန်ရေးပူးပေါင်းအဖွဲ့ထဲက CDF(Matupi) မှ တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ကိုးရက်ကြာ စစ်ကောင်စီရဲ့ အထိုင်ဗျူဟာစခန်းကုန်းသိမ်းတိုက်ပွဲကနေ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။

“ခမရ ၃၀၄ ကို အပြီးသတ်သိမ်းလိုက်ပါပြီလို့ အတည်ပြုပါတယ်။ မတူပီမြို့သိမ်းနိုင်ဖို့အတွက် မတူပီဗျူဟာရဲ့ ခမရ ၁၄၀ နဲ့ ဗျူဟာစခန်းတွေ ကျန်ပါသေးတယ်” လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform ကိုပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့တွေအနေနဲ့ မတူပီမြို့သိမ်းတိုက်ပွဲအဖြစ် ဆက်လက်တိုက်ပွဲများဖော်ဆောင်လျက်ရှိရာ ခမရ ၁၄၀ ၊ မတူပီဗျူဟာကုန်းအပါအဝင်၊ စစ်ကောင်စီ တပ်စခန်းတို့ကို ဆက်လက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း မတူပီမြို့ရှိ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို Operation CB ကနေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 

ချင်းတောင်ပိုင်းစစ်ဆင်ရေးတစ်ခုဖြစ်တဲ့ Operation CB အတွင်း မတူပီမြို့အပြင် တီးတိန်မြို့ပေါ်ရှိ လျှပ်စစ်ရုံးစခန်းနဲ့ တာဝါတိုင်ကုန်းစခန်းတို့ကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာမှာ လက်နက်ကြီး/ငယ် ၁၇ လက်သိမ်းပိုက်ရရှိခဲ့တဲ့အပြင် စစ်သုံ့ပန်း ကိုးဦး ဖမ်းဆီးရရှိခဲ့ကာ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပါသေးတယ်။

 

ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) CNC(Mindat)/CDF(Mindat)၊ ဇိုမီးဖယ်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)(CDF-Kanpetlet)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) (CDF-Matupi)တို့ပါဝင်ပါတယ်။

 

ချင်းညီနောင်စစ်ဆင်ရေးကို မဟာမိတ် အာရက္ခတပ်တော် AA၊ Yaw Army (YA) နဲ့ အခြားမဟာမိတ်တပ်တွေနဲ့အတူ ယခုနှစ် မတ်လ ၇ ရက်နေ့ကစတင်ခဲ့ပြီးနောက် ဧပြီလ ၂၉ ရက်နေ့မှာ ကျင်ဒွေးမြို့ကို စတင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်အဖွဲ့