၁၀၂၇ စစ်ဆင်ရေးအတွင်း ကျန်ခဲ့တဲ့ စစ်လက်နက်များကြောင့် ရှမ်းမြောက်မှာ ထိခိုက်သေဆုံးမှုတွေရှိနေ

Author လဂွန်းအိမ်
Categories
Published on Jun 18, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်းတပ် TNLA ထိန်းချုပ်ဒေသတွေထဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျန်ခဲ့တဲ့ စစ်လက်နက်တွေကြောင့် ဇွန်လထဲ အမျိုးသမီးတစ်ဦးသေဆုံးတဲ့အပြင် လေးဦးဒဏ်ရာရထားတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မနေ့ ဇွန်လ ၁၇ ရက်က မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာအနီးရှိ စစ်ကောင်စီ ဆုံးရှုံးခဲ့တဲ့ ၁၃၀ တပ်စခန်းအနီး ဟင်းသီးဟင်းရွက်သွားခူးတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့တဲ့အပြင် အဲဒီမြို့နယ်ထဲက စစ်ကောင်စီစခန်းဟောင်းနားမှာပဲ ဇွန်လ ၁၁ ရက်နေ့က မှိုသွားရှာတဲ့ စစ်ရှောင်ကလေးငယ်တစ်ဦး မိုင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ အုမ္မတီးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သုံးဆယ်ရွာ ဒေသခံ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၈ ရက်နေ့က ကျောက်မဲမြို့နယ်ရှိ ပန်လော့ကျေးရွာတွင်လည်း ထောင်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

အဲဒီနောက် နမ့်ဆမ်မြို့နယ်၊ မြို့သစ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်ဖက်သွားခူးရာမှ စစ်လက်နက်ပစ္စည်းတစ်ခုကို ကောက်ယူဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

တအာင်းဒေသထဲက ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ မိုင်းနဲ့ တခြားစစ်လက်နက်ကြွင်းကျန် အန္တရာယ်များ ရှိနေသေးလို့ ဒေသခံတွေအနေနဲ့ တောတောင်ထဲသို့ သတိထားသွားလာကြဖို့ PSLF/TNLA က သတိပေးချက်ထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA