ကျွန်းလှမှာ စစ်ကောင်စီက စစ်ကြောင်းတိုးတဲ့အပြင် ဒရုန်းတွေနဲ့ပါ ထောက်လှမ်းနေလို့ ဒေသခံထောင်ချီ အရေးပေါ်တိမ်းရှောင်

Author မင်းထက်
Categories
Published on Jun 18, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ရွာတွေထဲဝင်လာတဲ့ စစ်ကောင်စီ၊ ပျူ ပူးပေါင်းစစ်ကြောင်းဟာ ဒရုန်းတွေနဲ့ပါ ရွာတွေကို ထောက်လှမ်းနေလို့ အဲဒီကဒေသခံထောင်နဲ့ချီဟာ အရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

မနေ့ ဇွန်လ ၁၇ ရက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ရွှေပေါ်ကုန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစုပေါင်းအင်အား ၂၀၀ ခန့်ဟာ အင်တိုင်းရွာထဲကို စီးနင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

 

ဒါကြောင့် အင်တိုင်းရွာနဲ့ အနီးတဝိုက်ရွာတွေက ဒေသခံ ငါးထောင်လောက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

“ညက အင်တိုင်းရွာထဲ စစ်ကောင်စီတပ်တွေ အိပ်တယ်လို့သိရပါတယ်။ တိမ်းရှောင်နေကြရတဲ့ ပြည်သူ ငါးထောင်လောက်ရှိမယ်။ အတိအကျတော့ မသိရသေးပါဘူးဗျ။ ဆက်ရှောင်နေရပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကြောင်းဝင်ရောက်လာတာကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်း၊ ကျွဲတဲ၊ အင်လှနဲ့ မြနှစ်ရွာက ပြည်သူတွေဖြစ်ပြီး ဒီနေ့ ဇွန်လ ၁၈ ရက်အထိ ထွက်ပြေးတိမ်း ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာကို စစ်ကောင်စီဘက်က Jet Fighter နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင်ဆောင်တချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ပုံဟောင်း)