ရွှေဘိုမြို့ပေါ် စစ်ကောင်စီစခန်း နှစ်ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်

Author မင်းထက်
Categories
Published on Jun 18, 2024

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ  နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့ဆီကနေ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၁၈ ရက် မနက် ၆ နာရီခွဲခန့်နဲ့ မနေ့က ဇွန်လ ၁၇ ရက် ညနေ ၅ နာရီခန့်တို့မှာ ရွှေဘိုမြို့ ရန်မျိုးအောင်ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီအထိုင်တပ်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

“နှစ်ရက်ဆက်တိုက်ခိုက်တာမှာ စစ်ကောင်စီဘက်က နှစ်ဦး ဒဏ်ရာရထားတယ်။ မနေ့က ၅(နာရီ)ခွဲ တစ်ကြိမ်နဲ့ ခုမနက် တစ်ကြိမ်ပါ” လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာ၀န်ခံက CJ Platform ကို​ပြောပါတယ်။

 

အဲဒီလုပ်ဆောင်မှုကို နယ်စည်းမခြားရွှေဘိုသားနဲ့ Fix Wings နည်းပညာမြင့်ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – နယ်စည်းမခြားရွှေဘိုသား